Thursday, March 12, 2026
More
    spot_img
    Homeသတင်းတပ်မ ၇၇ ဘုရားသုံးဆူမြို့သို့ ရောက်ရှိ

    တပ်မ ၇၇ ဘုရားသုံးဆူမြို့သို့ ရောက်ရှိ

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ -ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် စက်လက်နက်ခဲယမ်းများ၊ တပ်ရိက္ခာများနှင့်အတူ စစ်အစိုးရတပ် တပ်မ ၇၇ အင်အား ၂၀၀ ကျော် ရောက်ရှိလာကြောင်း သိရသည်။

    ဘုရားသုံးဆူမြို့ (ဓာတ်ပုံ-လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

    တပ်မ ၇၇ တွင် တပ်ရင်း ၃ ရင်း ပါလာပြီး မည်သည့်တပ်ရင်းများ ပါလာသည်ကို မသိရသေးကြောင်း၊ တပ်ရင်းတရင်းတွင် အင်အား ၈၀ ကျော်ခန့် ရှိပြီး မော်တော်ကား ၃၂ စီးနှင့်အတူ ရောက်ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံ စစ်ရေးလေ့လာသူတဦးက ပြောသည်။

    ကား ၃၂ စီးတွင် စစ်ကား အစီး ၂၀ ခန့်သာ ပါပြီး ကျန်ကားများမှာ သံဖြူဇရပ်မှ ချောဆွဲလာသောကားများနှင့် သုံးဆူမြို့မှ ငှားရမ်းခဲ့သည့် ကားများ ဖြစ်ကြောင်း သူက ပြောသည်။

    ၎င်းတပ်မသည် ဘုရားသုံးဆူမြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော တပ်မဖြစ်ပြီး တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် နှိမ်နှင်းရာတွင် ထင်ရှားသည့်တပ် ဖြစ်သည့်အတွက် အေအင်ယူနှင့် မွန်ပြည်သစ်ပါတီကို ထိုးစစ်ဆင်ရန် ရောက်လာခြင်း ဖြစ်နိုင်ကြောင်း မွန်ပြည်သစ်ပါတီမှ အကြီးတန်းခေါင်းဆောင်တဦးက ပြောသည်။

    “လမ်းတလျှောက်လုံး လက်နက်ကြီးတွေနဲ့ ပစ်ပြီး တက်လာတယ်။ အသံက တောင်တွေကို ဖြိုမယ့် ဒိုင်းနမိုက်အတိုင်းပဲ။ ကေအင်ယူက လမ်းမှာ သူတို့ကို ခြုံခို တိုက်နေတယ်ဆိုတော့ အနားမကပ်အောင် လုပ်တာဖြစ်မယ်” ဟု သူက ပြောသည်။

    ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အနမ်းကွင်းကျေးရွာမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ကားအစီး ၂၅ ခန့် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာရှိ တဒိန်ကျေးရွာသို့ ရောက်ရှိလာပြီး ယမန်နေ့ ညနေ ၅ နာရီခန့်တွင် ဘုရားသုံးဆူမြို့သို့ ကား ၆ စီး ရောက်ရှိလာကြောင်း သုံးဆူမြို့ခံတဦးက ပြောသည်။

    ပဲခူးမြို့ အခြေချ တပ်မ ၇၇ သည် ၁၉၆၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တပ်မဖြစ်ပြီး ရှမ်းပြည်နယ်ရှိ ဗမာပြည် ကွန်မြုနစ်ပါတီ (ဗကပ) ကို ခြေမှုန်းရာတွင် ထင်ရှားသည့် တပ်ဖြစ်သည်။ သံဃာတော်များ ဦးဆောင်သည့် ၂၀၀၇ ခုနှစ် လူထုအုံကြွမှုကို ဖြိုခွင်းရာတွင်လည်း ပါဝင်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks