spot_img
Sunday, October 5, 2025
More
    spot_img
    Homeသတင်းခွဲထွက်အဖွဲ့ မိခင်ပါတီ မွန်ပြည်သစ်ထံ ပြန်လည်ပူးပေါင်း

    ခွဲထွက်အဖွဲ့ မိခင်ပါတီ မွန်ပြည်သစ်ထံ ပြန်လည်ပူးပေါင်း

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ခွဲထွက်အဖွဲ့ တဖွဲ့ဖြစ်သည့် မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် က ယခုလဆန်းပိုင်းတွင် လူအင်အား ၃၀ ကျော် လက်နက်အပြည့်အစုံနှင့် မိခင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီထံ ပြန်လည်ပူးပေါင်းလိုက်သည်။

    ပြန်လည်ပူးပေါင်းကြောင်းကို ထိုင်း-မြန်မာ နယ်စပ်တနေရာ၌ ပြုလုပ်သည့် ယနေ့ သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်သစ်ပါတီက တရားဝင် ပြောကြားသည်။

    မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားသည့်အတွက် မိခင်ပါတီထံ ပြန်လာခြင်း ဖြစ်ကြောင်း မွန်အမျိုးသား ကာကွယ်ရေး တပ်မတော် ခေါင်းဆောင် ဗိုလ်မှူးကျလွန်းထောက ပြောသည်။
    “မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားလို့ ကျနော်တို့ မိခင်ပါတီကို ပြန်လာတာ ဖြစ်တယ်” ဟု သူက ပြောသည်။

    ပြန်လည်ပူးပေါင်းလာသည့် တပ်ဖွဲ့ဝင်များကို မွန်ပြည်သစ်ပါတီ၏ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တွင် ပြန်လည်နေရာချပေးမည် ဖြစ်ကြောင်း ဗဟိုအလုပ်အမှူဆောင် ကော်မတီဝင် နိုင်တလညီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

    “သူတို့ကို သင့်တော်တဲ့ နေရာမှ ကျနော်တို့ ပြန်လည်နေရာ ချထားပေးဖို့ စီစဉ်ထားပါတယ်” ဟု သူက ပြောသည်။
    စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် လမ်းစဉ်ကို လက်မခံနိုင်သည့်အတွက် ၂၀၀၉ ခုနှစ် ဇန္နဝါရီလဆန်းပိုင်းတွင် ဗိုလ်မှူးကျလွန်းထော နှင့် တပ်ခွဲမှူး နိုင်ထူး တို့က အင်အား ၂၀ ခန့်နှင့်အတူ မွန်ပြည်သစ်ပါတီက ခွဲထွက်ပြီး မွန်အမျိုးသား ကာကွယ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့သည်။

    ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့တွင် မွန်ပြည်သစ်ပါတီ က ကြေညာချက် ထုတ်ကာ ပါတီသို့ ပြန်လာရန် ခေါ်ယူခဲ့သော်လည်း စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်အတွက် မွန်အမျိုးသား ကာကွယ်ရေး တပ်မတော်က လက်မခံခဲ့ပေ။

    ၁၉၉၅ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး နောက်ပိုင်းတွင် တပ်ဖွဲ့ဝင် အများအပြား မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည်။ အချို့မှာ ပါတီမှ ခွဲထွက်ပြီး သီးခြားတပ်ဖွဲ့ တည်ထောင်ကာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ကို ဆက်လက်ဆင်နွှဲခဲ့သည်။

    ၁၉၉၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ မြိတ်ခရိုင် ဒု-တပ်ရင်းမှူး  ဗိုလ်မှူးအောင်သိုက်ဟင်း ဦးဆောင်အဖွဲ့က ပါတီမှ ခွဲထွက်ပြီးနောက် စစ်အစိုးရ၏ ဖိအားပေး အကျပ်ကိုင်မှုကြောင့် နှစ်ကုန်ပိုင်းတွင် စစ်အစိုးရထံ လက်နက်အပ်နှံခဲ့ရသည်။

    ၂၀၀၁ ခုနှစ်တွင် ဗိုလ်မှူးကြီး နိုင်ပန်းညွန့် ဦးစီးအဖွဲ့က ပါတီမှ ခွဲထွက်ပြီးနောက် ဟံသာဝတီ ပြန်လည်ထူထောင်ရေးပါတီ ဖွဲ့စည်းကာ ယနေ့တိုင် လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ပါတီခေါင်းဆောင် နိုင်ပန်းညွန့် ထိုင်းနိုင်ငံ တနေရာသို့ ရောက်ရှိစဉ် ဒု-တပ်ရင်းမှူး ဗိုလ်မှူးစဒိုက်ချမ်းက အာဏာသိမ်းခဲ့သည်။

    စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရမည် ဖြစ်ကြောင်း၊ လက်နက် မစွန့်လွှတ်ပါက ယခင်လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံခြင်း ပြုမည် မဟုတ်ကြောင်း စစ်အစိုးရ နောက်ဆုံးဖိအားပေး တောင်းဆိုချက်ကို မွန်ပြည်သစ်က လက်မခံကြောင်း အကြောင်းပြန်ခဲ့ပြီး နောက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ပျက်ပြားခဲ့သည်။

    အပစ်အခတ် ရပ်စဲရေး ပျက်ပြားပြီးနောက် စစ်အစိုးရက မွန်ပြည်သစ်ပါတီအား ဖိအားပေး အကျပ်ကိုင်ခြင်း၊ စစ်ရေးအရ ခြိမ်းခြောက်ခြင်း မရှိသေးသော်လည်း လိုအပ်သည့် စစ်ရေးပြင်ဆင်မှုကို မွန်ပြည်သစ်က လုပ်ဆောင်နေကြောင်း ပါတီအသိုင်းအဝိုင်းမှ လာသောသတင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts