spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်း၂၁ ရာစု ပင်လုံညီလာခံဖြစ်ပေါ်လာရန် မွန်အမျိုးသားရေးရာအဖွဲ့ချူပ် ကြိုဆိုထောက်ခံ

    ၂၁ ရာစု ပင်လုံညီလာခံဖြစ်ပေါ်လာရန် မွန်အမျိုးသားရေးရာအဖွဲ့ချူပ် ကြိုဆိုထောက်ခံ

    -

    မင်းအာသံ – မွန်လူထုကို အခြေခံသည့် မွန်အမျိုးသားရေးရာအဖွဲ့သည် ၂၁ ရာစု ပင်လုံညီလာခံဖြစ်ပေါ်လာရေးကို ကြိုဆိုထောက်ခံကြောင်း အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။

    ၂၀၁၀ ဒီဇင်ဘာ ၂၁-၂၂ ရက်နေ့တွင် ကျင်းပခဲ့သည့် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို အလုပ်အမှုဆောင် ၁၁ ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်မှာ အကယ်၍ ၂၁ ရာစု ပင်လုံညီလာခံ ဖြစ်လာခဲ့လျှင် မွန်နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်လည်း တစ်ထောင့်တစ်နေရာမှ ပါဝင်ပြောဆိုခွင့်ရှိရန် ရည်ရွယ်သည်ဟု မွန်အမျိုးသားရေးရာအဖွဲ့ အထွေထွေအတွင်းရေးမှူး နိုင်လရီရော့က ပြောသည်။

    “ကျနော်တို့ အခုလို ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံရတာဟာ မွန်နိုင်ငံရေး အဖွဲ့အစည်းလည်း ပင်လုံညီလာခံမှာ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်အနေနဲ့ ပါဝင်သွားရန်နဲ့ မွန်လူမျိုးတွေတောင့်တနေတဲ့ ဒီမိုကရေစီရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နောက်ပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို အထက်တာဝန်ရှိသူများထံ လွတ်လွတ်လပ်လပ် ပြောဆိုခွင့်၊ တင်ပြခွင့်စတဲ့ လုပ်ဆောင်ချက်ကို ရရှိသွားရန် ဖြစ်တယ်” ဟု အထွေထွေအတွင်းရေးမှူး နိုင်လရီရော့က ပြောသည်။

    သို့သော်လည်း ၂၁ ရာစု ဒုတိယပင်လုံညီလာခံသည် ဖက်ဒရယ်ပြည်ထောင်စု မဖြစ်မှာကိုလည်း အချို့မွန်များက စိုးရိမ်နေကြကြောင်း မွန်အမျိုးသား ညီညွတ်ရေးအဖွဲ့ အကြံပေး နိုင်လရီထောက ပြောသည်။

    “ကျနော်တို့ လေ့လာသိရှိသလောက် ပြောမယ်ဆိုရင် ပထမပင်လုံကို ၂၀ ရာစု (၁၉၄၇ ခု ဖေဖော်ဝါရီလ ၁၂ ရက်) အတွင်းမှာ ဗိုလ်ချူပ်အောင်ဆန်းက ပြည်ထောင်စုစနစ်ပေါ်ထွက်လာဖို့ တိုင်းရင်းသားတွေအကြားမှာ  ပြုလုပ်လာခဲ့တယ်၊ ဒါပေမယ့် တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့် မရခဲ့ပါဘူး၊ ဗမာလူမျိုးကြီးဝါဒရဲ့ လှည့်ကွက်အောက်မှာ မျှောခံခဲ့ရတယ်၊ ဒီနေ့ဒီအချိန်မှာ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး ၂၁ ရာစု ဒုတိယကြိမ်ပင်လုံညီလာခံ လုပ်သွားဖို့ ပြင်ဆင်နေပြန်တယ်၊ ဒါပေမယ့် ဒေါ်စုက ပြတ်ပြတ်သားသား ပြောဆိုထားတာ မတွေ့ရပါဘူး၊ တကယ်လို့ ဗမာတွေက တိုင်းရင်းသားတွေနဲ့အတူ တန်းတူအခွင့်ရေး လုပ်သွားမယ်ဆိုရင် ကောင်းလိမ့်မယ်” ဟု အဆိုပါ အကြံပေးသူက သုံးသပ်သွားသည်။

    ၂၁ ရာစု ပင်ညီလာခံကို ပြည်ထောင်စုစနစ် မဖြစ်မှာကို စိုးရိမ်ကြောက်တာရှိသလို ထောက်ခံအားပေးသည့် မွန်လည်း ရှိပါသည်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဟောင်း နိုင်တင်အောင်က ပြောသည်။

    “ဗမာနိုင်ငံရေးသမားတွေ ဖက်ဒရယ်မူဝါဒကို လက်မခံခဲ့ပါဘူး၊ ဒါပေမယ့် ဒီနေ့မှာတော့ လက်ခံလာတာ တွေ့ရပါတယ်။ အခုလို အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်စု  ဦးဆောင်လုပ်သွားမယ်ဆိုရင် ကောင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု နိုင်တင်အောင်က ပြောသည်။

    ရှေ့သို့ တဟုန်းတိုးနေသည့် ခေတ်စနစ်မှာ ပြည်ထောင်စုစနစ်ပေါ်ပေါက်လာရန် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီခေါင်းဆောင်တို့ ကလေးမြို့ကြေငြာစာတမ်းသဘောတူညီချက်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ၂၁ ရာစု ဒုတိယပင်လုံညီလာခံ အချိန်တိုတောင်းအတွင်း ဖြစ်ပေါ်လာရန် ကြိုးစားဦးဆောင်ပေးသွားမည်ဟုလည်း ကတိပေးထားကြောင်း ဂျန္နာဝါရီ ၃ ရက်နေ့ မွန်အမျိုးသားရေးရာအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မွန်အမျိုးသားရေးရာအဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ မွန်လူမျိုးများ၊ မွန်ပြည်သစ်လက်အောက်ခံနယ်မြေမှ မွန်လူမျိုးများ၊ ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသရှိ မွန်လူမျိုးများနှင့် တတိယနိုင်ငံရောက် မွန်လူမျိုးများ ပေါင်းစုထားကာ ၂၀၀၈ ခုနှစ်မှာ စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မွန်လူမျိုးများအတွက် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီရေး ရရှိရန်အတွက် ယနေအ့ချိန်ထိ လှုပ်ရှားနေသည့်အဖွဲ့ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks