Homeသတင်းလျှပ်စစ်မြစ်ရေတင်စီမံကိန်းကြောင့် နွေစပါးစိုက်မှု အခက်အခဲဖြစ်

လျှပ်စစ်မြစ်ရေတင်စီမံကိန်းကြောင့် နွေစပါးစိုက်မှု အခက်အခဲဖြစ်

-

မင်းတော်လဝီ မွန်ပြည်နယ်၊ ကျိုက္မရောမြို့နယ်ရှိ နွေစပါးတိုးတက်စိုက်ပျိုးရန် ရည်ရွယ်ချက်ဖြင့် ဓမ္မသတ်ရွာ မြစ်ရေတင်စီမံကိန်း တည်ဆောက်ခဲ့ပြီးသော်လည်း လျှပ်စစ်မရသဖြင့် ရေမတင်နိုင်ပဲ နွေစပါးစိုက်ပျိုးရန် အခက်အခဲဖြစ်သည်။

မြစ်ရေတင်စီမံကိန်းမှ မြင်းကောင်ရေအား ၇၅ (HP) နှင့် အထက် ရေစုတ်စက်ကြီးများဖြစ်ပြီး ဒီဇယ်ဆီဖြင့်အသုံးပြုရန် ကုန်ကျစရိတ်များပြားသည့်အတွက် လျှပ်စစ်အားကို အဓိကထား သုံးရန် ရည်ရွယ်ပြီးတည်ဆောက်ခဲ့သော်လည်း လျှပ်စစ်ဓါတ်အား မလုံလောက်၍ ရေမတင်နိုင်ဖြစ်နေသည်ဟု မွန်ပြည်နယ် ရေအရင်းအမြစ် ဦးစီးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

ဂျိုင်းမြစ်ထဲကရေကို လျှပ်စစ်သုံးရေစုတ်စက်ကြီးနဲ့ စုတ်တင်ပြီးမှ မြောင်းမကြီးကနေ စိုက်ကွက်ကိုရေသွယ်မြောင်းနဲ့ သွယ်ယူတယ်၊ အဓိကကတော့ ရေလုံလုံလောက်လောက်နဲ့ နွေစပါးများများစိုက်နိုင်ဖို့ပဲ ဒါပေမယ့် လျှပ်စစ်ဓါတ်အားက စက်လည်နိုင်တဲ့ ပါဝါ မပေးနိုင်လို့ ရေမတင်ဖြစ်ခဲ့ဘူး”ဟု အထက်ပါဝန်ထမ်းက ပြောသည်။

လျှပ်စစ်ဓါတ်အားကို သထုံမြို့နယ် မြိုင်ကလေးမှ ဇာသပြင်ရွာ၊ တရနာရွာမှတဆင့် ဓမ္မသတ်ရွာ မြစ်ရေတင်စီမံကိန်းမှာ အသုံးပြုရန် မူလက သတ်မှတ်ခဲ့သော်လည်း ၄င်းဓါတ်အားကို ကျေးရွာသုံးနှင့် ကျေးရွာမီးရရှိရေးအတွက် ဦးစားပေး အသုံးပြုလိုက်သည့်အတွက် မြစ်ရေတင်စီမံကိန်းမှာ ထိခိုက်လာရသည်ဟု မြစ်ရေတင်စီမံကိန်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

သို့သော်လည်း မြစ်ရေတင်စီမံကိန်းမှ ရေမပေးနိုင်သည့်တိုင် အကယ်၍ နွေစပါး စိုက်လိုသည့် လယ်သမားများကို ရေစုတ်စက်အလိုရှိက ပြင်ပပေါက်စျေးအတိုင်း လိုက်လံကူညီငှားရမ်းပေးမည်ဟုလည်း မြစ်ရေတင်စီမံကိန်း ဝန်ထမ်းက ဆက်ပြောသည်။

နွေစပါးစိုက်လိုသည့် လယ်သမားများသည် မြစ်ရေတင်စီမံကိန်းမှ ရေကို ရမည်ဆိုလျှင် နွေစပါးပြီးသည်အထိ ရေခသက်သက်တစ်ဧကကျပ် (၅ဝဝဝ) ကုန်ကျမည်ဟု မြစ်ရေတင်စီမံကိန်းမှ သတ်မှတ်ပေးထားသော်လည်း အကယ်၍ ပြင်ပစက်ငှားပြီး ပြင်ပဒီဇယ်ဖြင့်အသုံးပြုရပါက ရေခသက်သက် တစ်ဧကကျပ် ၅ဝဝဝဝ (ငါးသောင်း) ခန့်ကုန်ကျမည်ဟု ဓမ္မသတ်ရွာ နွေစပါးစိုက် လယ်သမားတစ်ဦးက ပြောသည်။

ခါတိုင်းနှစ်လို သဘာဝသွင်းရေရတဲ့လူတွေလောက်ပဲ စိုက်တော့တယ် စက်ရေတင်ပြီး စိုက်ရင် တွက်ခြေမကိုက်ဘူး အစိုးရဆီလည်းမရဘူး၊ မြစ်ရေတင်စီမံကိန်း တည် ဆောက်ပြီးကတည်းက စက်မလည်တော့ ရေမတင်ဖြစ်ခဲ့ဘူး၊ ဒီနှစ်ဆို သုံးနှစ်ရှိသွားပြီလေ ရေဖိုးသက်သက်သာသာမရရင် မစိုက်တော့ဘူး’’ ဟု ဓမ္မသတ်ရွာက လယ်သမားက ပြောသည်။

ကျိုက္မရောမြို့နယ်သည် မွန်ပြည်နယ်မှာ နွေစပါးအများဆုံး စိုက်သည့်မြို့နယ်ဖြစ်ပြီး ယခုနှစ် လျာထားဧကမှာ (၅၅၆ဝဝ) ဧကဖြစ်သည်။ သို့သော် နွေစပါးကို စက်ရေဖြင့် စိုက်နေရသည့်အတွက် မျှော်မှန်းသလောက် စိုက်ဧက တိုးမလာတာက စက်သုံးဆီစျေးကြီးလို့ မစိုက် နိုင်တာဖြစ်တယ်၊ မြစ်ရေတင်စီမံကိန်းနှင့်ဆို စိုက်ဖို့ရှိတယ်၊ အခုတော့ လျှပ်စစ်ဓါတ်အားမ ပြည့်လို့ စက်နှင့် ရေမတင်နိုင်ဘူးဟု ကျိုက္မရောမြို့နယ်က စိုက်ပျိုးရေးဝန်ထမ်းဟောင်းတဦးက ပြောသည်။

ဓမ္မသတ်ရွာ မြစ်ရေတင်စီမံကိန်းသည် နိုင်ငံတော်၏ အထူးစီမံကိန်းကြီး ၂၄ ခုမှ တခုအပါအဝင်ဖြစ်ပြီး မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ကျိုက္မရောမြို့နယ် ဓမ္မသတ်ရွာတွင် မြစ်ရေတင်စီမံကိန်းတရပ်ကို လွန်ခဲ့သည့် သုံးနှစ်ကတည်းက အစိုးရမှ တည်ဆောက်ပေးခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts