spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းစီမံကိန်းဝင် သီးနှံနွေစပါးကို အရှုံးခံ၍ လယ်သမားများမစိုက်လို

    စီမံကိန်းဝင် သီးနှံနွေစပါးကို အရှုံးခံ၍ လယ်သမားများမစိုက်လို

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ကျိုက္မရောမြို့နယ်တွင် မိုးစပါးပြီးလျှင် သီးထပ်နွေစပါးကို စီမံကိန်းဝင်သီးနှံအဖြစ် မဖြစ်မနေ နှစ်စဉ်စိုက်ပျိုးခဲ့ရသော်လည်း ယခုနှစ်မှာတချို့ လယ်သမားများမစိုက် လိုကြဟု သိရပါသည်။

    နွေစပါးစိုက်ပျိုးရာ အကုန်ကျများပြီး ထွက်ရှိလာသည့်စပါးလည်း စျေးကောင်းမရသဖြင့် နှစ်စဉ် အရှုံးခံပြီး စိုက်ရသလို မစိုက်လျှင် စီမံကိန်းဝင်သီးနှံ စိုက်ရန်ပျက်ကွက်မှုဖြင့် လယ်အသိမ်းခံရမှာကို ကြောက်သည့်အတွက် နွေစပါးကို နှစ်စဉ်စိုက်ပျိုးခဲ့သည်။ ဒီနှစ်မှာပဲ သီးနှံတစ်မျိုးမျိုးနှင့် အစားထိုးစိုက်မည်ဟု ကျိုက္မရောမြို့နယ် နှီးဒုံးကျေးရွာမှ လယ်သမားတစ်ဦးက ပြောသည်။

    “နွေစပါးစိုက်ပျိုးခက တစ်ဧကကို တစ်သိန်းခွဲကျော်ကုန်နေတယ်၊ ရေလွယ်လွယ်ရမဲ့နေရာမှာ စရိတ်ကုန်းနည်းတယ်။ ဒါတောင် ဓါတ်မြေသြဇာအများဆုံးထည့်နိုင်မှ စပါးထွက်ပြီး အမြတ်ကျန်မှာ။ မဖြစ်မနေစိုက်ခိုင်းရင် စပါးမစိုက်တော့ဘူး၊ ပဲတမျိုးမျိုးပဲ စိုက်တော့မယ်” ဟု နှီးဒုံးလယ်သမားများက ပြောသည်။

    နွေစပါးအထွက်ကောင်းမှ တစ်ဧကလျှင် တင်း ၈၀ လောက်ရပြီး စပါးစျေး သုံးသိန်းစျေးဖြင့် ကျပ် နှစ်သိန်းလေးသောင်း လောက်ရမည်။ အရင်းနှုတ်ပြီးပါက ကျပ် ငါးသောင်းလောက်သာကျန်မည်။ မတ်ပဲတစ်ဧက ၈ တင်းထွက်လျှင် တစ်တင်း ကျပ် သုံးသောင်းစျေးရပါက စပါးစျေးနှင့် တူမည်။ သို့သော် ပဲစိုက်ခမှာ တစ်ဧက ကျပ် ရှစ်သောင်းလောက်ကုန်မည်ဖြစ်၍ တစ်ဧကလျှင် အမြတ်တစ်သိန်းခွဲ ခန့်ကျန်မည်ဟု ကျိုက္မရောမြို့နယ် ညောင်ပင်ဆိပ်ရွာမှ ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။

    နွေစပါးစိုက်ပျိုးရာတွင် အထူးသဖြင့် ရေ၊ ဓါတ်မြေသြဇာနှင့် ဒီဇယ်ဆီကို အဓိကထားရသည့်အတွက် ရေရရှိဖို့အတွက် ဒီဇယ်ဆီသုံး ရေစုပ်စက်ဖြင့် ရေသွင်း ယူစိုက်ပျိုးရသောကြောင့် ကုန်ကျစရိတ် တဝက်နီးပါးမှာ ဒီဇယ်ဆီဝယ်ရန် ဖြစ်နေသည်။

    နွေစပါးရေသွင်းစိုက်ရန် စက်သုံးဆီဒီဇယ်ကို မြန်မာ့စိုက်ပျိုးရေးမှ ဖြန့်ခွင့်မရှိသည့်အပြင် မြန်မာ့ရေနံအရောင်းဆိုင်မှ သီးသန့်ရောင်းချပေးသည့်အစီအစဉ်မရှိသဖြင့် လယ်သမားများကူတို့အစီအစဉ်နှင့် ပုဂ္ဂလိကဆိုင်မှာပဲ ဝယ်သုံးရမှာဖြစ်သည်ဟု မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ခရိုင်မန်နေဂျာရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

    “ဒီနှစ်နွေစပါးအတွက် ဓါတ်မြေသြဇာကို လယ်သမားတွေဆီ စိုက်ပျိုးရေးက မဖြန့်ပေးရဘူး၊ ဒီနှစ်မိုးစပါးမှာတောင် ပယက (ပြည်နယ်) ကပဲ ဓါတ်မြေသြရော သဘာဝမြေသြဇာပါ တွဲရောင်းချခဲ့တယ်၊ နွေစပါးအတွက် ပယကကပဲ ဆက်ဖြန့်ပေးတာတော့ မကြားရသေးဘူး” ဟု ခရိုင်ဝန်ထမ်းက ပြောသည်။

    လွန်ခဲ့သောနှစ်တွင် နွေစပါးအတွက် ဓါတ်မြေရော ဒီဇယ်ဆီပါ ပယက အစီအစဉ်နှင့် ရောင်းခဲ့သော်လည်း လိုသလောက်မရခဲ့ပါ။ စျေးနှုန်းမှာလည်း အပြင်ပေါက်စျေးနှင့် သိပ်မကွာခဲ့ပါ။ ယခင်နွေစပါးလည်း မမြတ်သည့်အတွက် ယခုနှစ်တွင် နွေစပါးမစိုက်လိုဟု ကျိုက္မရောမြို့နယ် မဲကရိုရွာက နွေစပါးစိုက်သူတစ်ဦးက ပြောသည်။

    ဓါတ်မြေသြဇာကို ယခင်နှစ်များတွင် စိုက်ပျိုးရေးဌာနမှ အဓိကတာဝန်ယူဖြန့်ဖြူးရောင်းချခဲ့သည့် အစဉ်အလာရှိသော်လည်း ၂၀၀၃ ခုနှစ်နောက်ပိုင်းတွင် သက်ဆိုင်ရာတိုင်းမှူးများ၏အစီအစဉ်ဖြင့် ၄င်းတို့၏နီးစပ်ရာ လုပ်ငန်းရှင်တို့၏သဘာဝမြေသြဇာနှင့်တွဲကာ မယကဥက္ကဋ္ဌများမှတဆင့် မြို့နယ်များသို့ခွဲတမ်းချပြီး လယ်သမားများအား ရောင်းချခဲ့သည်ဟု မော်လမြိုင်ခရိုင်စိုက်ပျိုးရေးဌာနမှ အငြိမ်းစား ဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

    မော်လမြိုင်ခရိုင်နွေစပါးစိုက်ရန်လျှာထားဧကမှာ (၈၀၀၆၀) ဧကဖြစ်ပြီး ကျိုက္မရောမြို့နယ်တွင် နွေစပါးစိုက်ဧက (၅၅၆၀၀) ဖြစ်ပြီး မုဒုံမြို့နယ်တွင် (၁၁၅၅၀) ဧက၊ ရေးမြို့နယ် (၈၃၀၀) ဧက၊ မော်လမြိုင်မြို့နယ် (၂၅၀၀)၊ သံဖြူဇရပ်မြို့နယ် (၁၇၅၀) နှင့် ချောင်းဆုံမြို့နယ် (၃၆၀) ဧကဖြစ်သည်ဟု ခရိုင်စိုက်ပျိုးရေးစီမံကိန်းစာရင်းမှာ ဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks