Homeသတင်းသုံးဆူ - သံဖြူဇရပ်လမ်းကို မြသန်းကုမ္ပဏီအား (ပယက) ကန်ထရိုက်ပေး

သုံးဆူ – သံဖြူဇရပ်လမ်းကို မြသန်းကုမ္ပဏီအား (ပယက) ကန်ထရိုက်ပေး

-

လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်လမ်းကို ယခုနှစ် ပွင့်လင်းရာသီတွင်  ပြင်ဆင်ရန်အတွက် ကရင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) မှ မြသန်းကုမ္ပဏီအား ကန်ထရိုက် ပေးမည်ဟု သုံးဆူစီးပွားရေး အသိုင်းအဝိုင်းက ပြောဆိုနေကြသည်။

“တရားဝင် ပေးမယ်လို့တော့ တိတိကျကျ မသိရသေးဘူး။ ဒါပေမယ့် ပယက က မြသန်းကို ကန်ထရိုက်ပေးမယ်လို့တော့ စီးပွားရေးသမားတွေကြားမှ ပြောနေကြတယ်” ဟု သုံးဆူမှ စီးပွားရေးသမားတစ်ဦးက ပြောသည်။

မြသန်းကုမ္ပဏီသည် စီးပွားရေး အသိုင်းအဝိုင်းတွင် စစ်အစိုးရကို အများဆုံး အထောက်အပံ့ ပေးသော ကုမ္ပဏီ ဖြစ်သည်။ ယခုကဲ့သို့ ပုဂ္ဂလိကပိုင် ကုမ္ပဏီအား ကန်ထရိုက် ပေးမည့် အစီအစဉ်မှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်။ ယခင်နှစ်များတွင် မိုးနှောင်းပြီး နောက်ပိုင်း နိုဝင်ဘာလ ဒုတိယပတ်မှ စတင်၍ လမ်းများကို ပြုပြင်သည်။

ယခုလောလောဆယ်တွင် မြသန်းကုမ္ပဏီသည် မဲ့သဂူကျေးရွာမှ တောင်စွန်းကျေးရွာအကြားတွင် လမ်းစတင် ဆောက်လုပ်လျက် ရှိပြီး ယခင်ဖြောင့်သည့် လမ်းဟောင်းကို မပြုပြင်ဘဲ ကွေ့ကောက်သည့် လမ်းသစ်ကို ဖောက်လုပ်နေကြောင်း သိရသည်။

လမ်းဟောင်းသည် ဖြောင့်ပြီး စစ်ရေးအရ အခက်အခဲ ရှိသည့်အတွက် လမ်းသစ်ဖွင့်ရခြင်း ဖြစ်ကြောင်း စစ်အစိုးရ အသိုင်းအဝိုင်းနှင့် နီးစပ်သည့် သတင်းအရ သိရသည်။

ရွေးကောက်ပွဲ အဆင်ပြေ ချောမွေ့စွာ ပြီးသွားပါက သုံးဆူဒေသကို အဖြူရောင်နယ်မြေအဖြစ် သတ်မှတ်ပြီး နယ်စပ်ရှိ ကုန်သည်ကြီးများကိုလည်း သူနေရာနှင့်သူ တာဝန်ပေးမည်ဟု စစ်အစိုးရက ပြောကြားခဲ့ကြောင်း ထိုင်းသို့ ကုန်ကြမ်းတင်ပို့သည့် ကုန်သည်တစ်ဦးက ပြောသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် ရပ်စဲပြီးနောက် (၁၉၉၆ – ၉၇) ခုနှစ်မှ (၂၀၀၉) ခုနှစ်အထိ သုံးဆူ – သံဖြူဇရပ်လမ်းကို မွန်ပြည်သစ်ပါတီက တာဝန်ယူ ဖောက်လုပ်ခဲ့သည်။

သုံးဆူဒေသတွင် မြသန်းကုမ္ပဏီအပါအဝင် နဝရတ်၊ အောင်မြေ၊ သုဇနပွင့်၊ ရွှေထူးနှင့် ရွှေမောင်းကုမ္ပဏီ စုစုပေါင်း (၆) ခု ရှိသည်။ ကုမ္ပဏီအများစုမှာ သုံးဆူဒေသတွင် ခဲထုတ်လုပ်သည့် ကုမ္ပဏီအဖြစ် သတ္တုတွင်း ဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော ကုမ္ပဏီများ ဖြစ်ပြီး ရရှိလာသော ခဲများကို ထိုင်းနိုင်ငံမှတဆင့် နိုင်ငံခြားသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts