spot_img
Friday, August 1, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သစ် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ မဲပေးသူများကို မဟန့်တား

    မွန်ပြည်သစ် ရွေးကောက်ပွဲကို အသိအမှတ် မပြု၊ မဲပေးသူများကို မဟန့်တား

    -

    အာကာ – မွန်ပြည်သစ်ပါတီက ယခုနှစ် (၂၀၁၀)၊ နိုဝင်ဘာလ (ရ) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို မထောက်ခံ၊ အသိအမှတ် ပြုမည် မဟုတ်သော်လည်း၊ မိမိဆန္ဒအလျောက် မဲပေးသူများကို ဟန့်တားခြင်း ပြုမည် မဟုတ်ကြောင်း ယမန်နေ့တွင် တရားဝင် ပြောကြားသည်။

    “ပြည်သူလူထုက မလွှဲမရှောင်သာ မဲရုံကို သွားရမယ်၊ ဒါမှမဟုတ် မဲပေးတာကို ကိုယ့်ရဲ့အခွင့်အရေးလို့ ယူဆပြီး မဲပေးမယ် ဆိုရင်လည်း ကျနော်တို့ ပါတီက မဟန့်တားပါဘူး” ဟု နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပါတီ၏ သဘောထားကို ထုတ်ပြန်ခဲ့ပြီး ယမန်နေ့ အောက်တိုဘာလ (၂၁) နေ့တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ဒီမိုကရေစီ အခွင့်အရေး၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး အနည်းအကျဉ်းမျှသာ ရှိပြီး၊ စစ်မှန်သော ပြည်ထောင်စုစနစ် မဟုတ်ခြင်းကြောင့် ထိုဥပဒေကို အခြေခံသည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ရေး၊ သက်ဆိုးရှည်စေနိုင်ရေးသာ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    “ဒီရွေးကောက်ပွဲက ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ချေဖျက်ဖို့နဲ့ စစ်အာဏာရှင်စနစ် တရားဝင် ဖြစ်လာအောင် လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့ သဘောထား ထုတ်ပြန်ရခြင်း ဖြစ်တယ်” ဟု နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

    ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများသည် လွတ်လပ်တရားမျှတမှု မရှိသည့်ပြင် လက်တွေ့တွင်လည်း ကြံ့ဖွံ့ပါတီအား အခွင့်ထူးများ ပေးနေသည်မှာ တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ကြောင်းကို ပေါ်လွင်စေသည် ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။

    ၎င်းပြင် ကုလသမဂ္ဂ နှင့် နိုင်ငံတကာ တောင်းဆိုချက်ကို လျစ်လျူရှုခြင်း၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှုကို ငြင်းပယ်ခြင်းကြောင့် ပွင့်လင်းရိုးသားမှု မရှိသော ရွေးကောက်ပွဲ ဖြစ်ကြောင်း ဝေဖန်ထားသည်။

    ရွေးကောက်ပွဲကို အသိအမှတ် မပြုခြင်းကြောင့် ရွေးကောက်ပွဲရလာဒ်မှ ပေါ်ထွက်လာမည့် အစိုးရကို အသိအမှတ်ပြုမည် မပြုမည် မေးမြန်းချက်ကိုမူ မွန်ပြည်သစ်ပါတီက ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

    မွန်အမျိုးသားနေ့၊ မွန်အမျိုးသား တော်လှန်ရေးနေ့၊ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နေ့များ၏ ထုတ်ပြန်ချက်များတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီက အနည်းအကျဉ်း ပြောဆိုမှုများ ရှိသော်လည်း ယခုကဲ့သို့ ရွေးကောက်ပွဲကို ဦးတည်ပြီး ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

    စက်တင်ဘာလ (၃၀) ရက်နေ့တွင်လည်း မွန်ပြည်သစ်ပါတီ အပါအဝင် ဖြစ်သည့် မွန်အမျိုးသား ရေးရာ အဖွဲ့ချုပ်က စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင် သပိတ်မှောက်ရန် လှုပ်ဆော်ခဲ့သည်။

    မွန်ပြည်သစ်ပါတီသည် (၁၉၉၅) ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ယခုနှစ် သြဂုတ်လ (၂၃) ရက်နေ့တွင် စစ်အစိုးရ နောက်ဆုံးဖိအားပေး တောင်းဆိုထားသည့် လက်နက်အပ်ရေး အစီအစဉ်ကို လက်မခံနိုင်ကြောင်း စက်တင်ဘာလ (၁) ရက်နေ့တွင် အကြောင်းပြန်ခဲ့ပြီး မြို့ပေါ်ရှိ ပါတီရုံးများမှ ဝန်ထမ်းများကိုလည်း ပါတီနယ်မြေသို့ ပြန်လည်ခေါ်ယူထားခဲ့ပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts