spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ပြည်သူ့မြေယာသိမ်း

    ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် ပြည်သူ့မြေယာသိမ်း

    -

    ကျလွန်းထော – မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတ္ထရံမြစ်အရှေ့ဘက်ရှိ ကော့ပနောကျေးရွာတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် Hexa International ကုမ္ပဏီလီမိတက်နှင့် စစ်အစိုးရတို့ ပူးပေါင်းပြီး ရာဘာခြံနှင့် လယ်မြေများကို သိမ်းယူနေသည်။

    နိုဝင်ဘာလ ပထမပတ်မှစ၍ မြေတိုင်းစာရေးနှင့် အခြားအဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးတို့က ရာဘာခြံပိုင်ရှင် ၅၀ ဦးနှင့်အထက် ပိုင်ဆိုင်သည့် ခြံဧကပေါင်း ၁၀၀၀ ကျော်ကို သိမ်းယူပြီး ဘိလပ်မြေစက်ရုံဆောက်ရန် စတင်မြေတိုင်းတာနေသည်မှာ ယမန်နေ့က ပြီးစီးသွားပြီး ဖြစ်ကြောင်း ကော့ပနောကျေးရွာသားတစ်ဦးက ပြောသည်။

    ထိုသို့လာရောက်သိမ်းရာတွင် မြေပုံနှင့်တကွ ပြသခဲ့ပြီး ၄င်းတို့ပိုင်မြေများဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု ရာဘာခြံအသိမ်းခံရသည့် ပိုင်ရှင်တစ်ဦးက ပြောသည်။

    “မြေပုံနဲ့တိတိကျကျ သူတို့ပြပေးတော့ ကျမတို့လည်း ဘာမှပြောစရာမရှိတော့ဘူး၊ ကျမခြံ ၃ ဧက အပင် ၁၀၀၀ ပါသွားတယ်၊ သူတို့တွေ နေ့တိုင်းလာနေတယ်” ဟု ၄င်းခြံပိုင်ရှင်က ပြောသည်။

    အသိမ်းခံရသည့် ခြံပိုင်ရှင်များမှာ အများအားဖြင့် ကော့ပနော့ကျေးရွာ၊ ကော့ဒွန်းကျေးရွာ၊ ကော့ဗိန်းကျေးရွာနှင့် မုဒုံမြို့နယ် ကမာဝက်ကျေးရွာမှ ခြံပိုင်ရှင်များဖြစ်ပြီ ဆုံးရှုံးမှုတန်ဖိုးမှာ လက်ရှိပေါက်စျေးအရ အပင်မပါ မြေတစ်ဧကလျှင် ကျပ် ၄ သိန်းကျော်ရှိကြောင်း ကော့ဒွန်းရွာ ခြံပိုင်ရှင်တစ်ဦးက ပြောသည်။

    ခြံပိုင်ရှင်များမှ နေပြည်တော်သို့ တိုင်ကြားထားသောလည်း မည့်သည့်သတင်းမှ အကြောင်းပြန်ကြားခြင်းမရှိဟု ၄င်းက ဆက်ပြောသည်။

    “ကျနော့်သူငယ်ချင်းက သူ့ခြံ ၂၅ ဧက ပါသွားတယ်၊ ရာဘာပင်တွေကို ဓါတ်ပုံရိုက်ပြီး နေပြည်တော်ကို ပို့ပြီးတိုင်ထားတယ်၊ ဘာမှလည်း သတင်းပြန်မကြားဘူး၊ ဒီခြံတွေနဲ့ပဲ လုပ်စားနေတာဆိုတော့ ရသလောက်တော့ တိုင်ရမှာပဲ၊ သူတို့အနေနဲ့ တစ်ပင်ကို ၁ ထောင်ကျပ်နှုန်းနဲ့ လျော်ကြေး ပေးမယ်လို့ ပြောတယ်၊ အခုထိတော့ ဘာမှမပေးသေးဘူး” ဟု ကော့ဒွန်းရွာခြံရှင်က ဆက်ပြောသည်။

    နိုင်ငံတော်၏လိုအပ်ချက်ဖြင့် ဘိလပ်မြေစက်ရုံ တည်ဆောက်ရခြင်းဖြစ်ကြောင်း ရွာသားများအား ပြောကြားထားသည်။ ၄င်းဘိလပ်မြေစက်ရုံ တည်ဆောက်ရန် (၅) နှစ်စီမံကိန်းချမှတ်ထားပြီး ကော့ဒွန်းကျေးရွာအရှေ့ဘက်ရှိ ပျားတောင်ကို ဖြိုခွင်ရန်အတွက် Hexa International ကုမ္ပဏီလီမိတက်သည် စစ်အစိုးရနှင့် အနှစ် (၉၀) စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း တည်ဆောက်ရေးစတင်ရန် စီစဉ်နေပြီးဖြစ်ကြောင်း ကော့ဒွန်းရွာခံက ပြောသည်။

    ယခုလက်ရှိ မြေလာတိုင်းနေသည့် အဖွဲ့ဝင်များ၏ အဆိုအရ ဘိလပ်မြေစက်ရုံဆောက်ရန်အတွက် အလုပ်သမား ၂၀၀၀ ငှားရန်ရှိကြောင်းလည်း ဒေသခံတို့က ပြောသည်။

    ၄င်းတို့သာမက ကျိုက်မရောမြို့နယ် နှီးတုံကျေးရွာတွင်လည်း အလားတူ ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် လယ်မြေဧက ၄၂၅ ဧကကို စပါးရိပ်သိမ်းပြီးပါက သိမ်းယူမည်ဖြစ်ကြောင်း မြေစာရင်းဦးစီးဌာနနှင့် တာဝန်ရှိသူ ကုမ္ပဏီအဖွဲ့သား (၆) ဦးတို့က ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင် ကျေးရွာသားများအား အစည်းအဝေးခေါ်ယူ ပြောကြားထားသည်။

    “နှီးဒုံးကျးရွာမှာလည်း ဆောက်မယ်လို့ကျနော်တို့ကြားထားတယ်၊ ဒါပေမယ့် လယ်တွေတော့ မသိမ်းရသေးဘူး” ဟု ကော့ဒွန်းရွာခံက ပြောသည်။

    ဘိလပ်မြေစက်ရုံတည်ဆောက်ခြင်းကြောင့် အနီးအနားရှိကျေးရွာများတွင် ဆိုးကျိုးအမြောက်အများနှင့် ရင်ဆိုင်နိုင်ဖွယ်ရှိသည်ဟု မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှ လူ့အခွင့်အရေး သတင်းအချက်အလက်ကောက်ခံရေးနှင့် စုဆောင်းရေးတာဝန်ခံ ကိုအွန်းမွန်က ပြောသည်။

    “လယ်ပိုင်ခြံပိုင်ဘဝကနေ အလုပ်သမားဘဝကို ပြောင်းသွားရတယ်၊ ဘိလပ်မြေစက်ရုံက ထွက်လာတဲ့ အန့ံဆိုးတွေနဲ့ ဒိုင်းနမိုက်ဖောက်တဲ့အသံတွေကြောင့် အနီးအနားက ရွာသားတွေ ရောဂါရနိုင်တယ်၊ ရေလမ်းကြောင်းလည်း ပြောင်းလဲလာနိုင်သလို၊ ရာသီဥတု ဖောက်ပြန်မှုတွေလည်း ဖြစ်လာ နိုင်ဖွယ်ရှိတယ်” ဟု ကိုအွန်းမွန်က ပြောသည်။

    ထိုသို့ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် ကြံရွယ်နေသည်မှာ လွန်ခဲ့သည့် ၁၅ နှစ်ကတည်းကဖြစ်ပြီး ယခုမှသာ အကောင်ထည်ဖော် တည်ဆောက်ရခြင်းဖြစ်သည်ဟု ကိုအွန်းမွန်ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks