Homeသတင်းအာဆီယံ ပညာရေးအရာရှိများ စံခလဘူရီ မွန်စာသင်ကျောင်းသို့ လာရောက်လေ့လာ

အာဆီယံ ပညာရေးအရာရှိများ စံခလဘူရီ မွန်စာသင်ကျောင်းသို့ လာရောက်လေ့လာ

-

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့ ဝင်းကကျေးရွာ ဝပ်ဝမ်ဝိဝေကာရံ စာသင်ကျောင်း

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့ ဝင်းကကျေးရွာ ဝပ်ဝမ်ဝိဝေကာရံ စာသင်ကျောင်းရှိ နှစ်ဘာသာ သင်ကြားရေး အစီအစဉ်သို့ အာဆီယံနိုင်ငံများမှ သင်ရိုးညွန်းတမ်း ရေးဆွဲသည့် ပညာရေးအရာရှိများ ယမန်နေ့က လာရောက်လေ့လာခဲ့ကြသည်။

အာဆီယံနိုင်ငံများရှိ ပညာရေးဝန်ကြီးဌာနအသီးသီမှ အရာရှိများ ယခုကဲ့သို့ လာရောက်လေ့လာခြင်းမှာ ပထမအကြိမ် ဖြစ်ပြီး မွန်နှင့် ထိုင်းနှစ်ဘာသာ စာသင်ကြားမှု (မွန်အသံထွက် ထိုင်းအက္ခရာရေးသားနည်း သင်ကြားမှုစနစ်) ကို လာရောက်လေ့လာခြင်း ဖြစ်သည်ဟု နှစ်ဘာသာ သင်ကြားရေး အစီအစဉ်မှ တာဝန်ခံ နိုင်စွန်ထွန်က ပြောသည်။

“အာဆီယံနိုင်ငံက လာတာ ဒါဟာ ပထမဆုံးအကြိမ်ပဲ၊ အဓိကကတော့ စာသင်တဲ့နည်းစနစ်ကို လာပြီး လေ့လာတာပါ။ ဒါပေမယ့် SEAMEO (Southeast Asia Minister of Education  organization) ကတော့ ၂၀၀၉ တုန်းက လာပြီးသွားပြီ” ဟု တာဝန်ခံ နိုင်စွန်ထွန်က ပြောသည်။

လာရောက်လေ့လာကြသည့် နိုင်ငံများမှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့ ပါဝင်ကြသည်။

“သူတို့ကလည်း လာပြီး အကဲခတ်တယ်၊  ဘာဖြစ်လို့လဲဆိုတော့ အကုန်လုံးက သင်တဲ့နည်းစနစ်တွေကို ရှာနေကြတုန်းပဲ။ ထက်မြက်တဲ့ အရာရှိတွေလည်း ပါလာကြပါတယ်။ SEAMEO က Linguistic တွေ၊ ဘာသာကျွမ်းကျင်တဲ့ လူတွေရယ်၊ နှစ်ဘာသာ သင်ကြားတဲ့ အစီအစဉ်ကို လေ့လာသင်ကြားရင် ဘယ်လိုထက်မြက်လာသလဲ၊ ဘယ်လိုစိတ်ဝင်စားသလဲ ဆိုတာကို လာရောက်လေ့လာကြတယ်” ဟု နိုင်စွန်ထွန်က ပြောသည်။

အထက်ပါအဖွဲ့သည် ထိုင်းနိုင်ငံသို့ လာရောက်လေ့လာပြီးနောက် တရုတ်နိုင်ငံသို့ ဆက်လက်လေ့လာမည့် အစီအစဉ်ရှိကြောင်း၊ ၄င်းနောက် ထိုင်းနှင့် တရုတ်နိုင်ငံတို့မှ သင်ကြားမှု နည်းစနစ်ကို နှိုင်းယှဉ်မည် ဖြစ်ကြောင်း၊ ဝင်းကရွာရှိ စာသင်ခန်းသို့ ဝင်ရောက်လေ့လာပြီးနောက် ဆရာ/မတို့၏ စာသင်ပုံနည်းစနစ်ကို နှစ်သက်ကြကြောင်း ဝင်းကရွာ နှစ်ဘာသာ သင်ကြားရေး အစီအစဉ်မှ မွန်ကျောင်းဆရာတစ်ဦးက ပြောသည်။a

ကလေးများအား တုတ်ဖြင့် ရိုက်ခြင်း၊ ခြောက်ခြင်းကို  ပြုလုပ်၍ မရကြောင်း၊ ကလေးများ ပြောချင် ဆိုချင် ပြချင်သည်များကို မတားဆီးသင့်ကြောင်း။ ငယ်စဉ်ကပင် အခြေခံများကို သင်ကြားပေးသင့်ပြီး ၄င်းမှတဆင့် ခက်ခဲသည်များကို တဆင့်ပြီးတဆင့် သင်ကြားသွားရမည် ဖြစ်ကြောင်း။ ခက်ခဲသည်များကို တိုက်ရိုက်သင်ကြားပါက ကလေးများ စိတ်ဝင်စားမှု နည်းသွားနိုင်မည် ဖြစ်ကြောင်း နိုင်စွန်ထွန်က ပြောသည်။

အာဆီယံနိုင်ငံများက ယခုကဲ့သို့ နှစ်ဘာသာ သင်ကြားရေး အစီအစဉ်ကို လာရောက်လေ့လာကြသော်လည်း ကျောင်းသားမိဘများက မွန်အသံထွက် ထိုင်းအက္ခရာရေးသားနည်း သင်ကြားမှုစနစ်ကို လက်မခံကြသဖြင့် ယခုလဆန်းပိုင်းက ဆန္ဒပြခဲ့ကြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts