spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ကွယ်လွန်

    မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ကွယ်လွန်

    -

    မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်

    အာကာ – မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် စစ်ကော်မီတီ အတွင်းရေးမှူးနှင့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင်သည် ယမန်နေ့ ညနေ (၅) နာရီခန့်တွင် မော်လမြိုင်မြို့၌ ကွယ်လွန်ခဲ့သည်။

    မွန်ပြည်သစ်ပါတီမှ အနားယူပြီးနောက် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ကို တည်ထောင်ကာ စစ်အစိုးရ အလိုကျ ပြည်သူ့စစ် အသွင်ပြောင်းရန် စိုင်းပြင်းလျက် ရှိသော အသက် (၇၁) နှစ်ရှိ နိုင်အောင်နိုင်တွင် ဆီးချို၊ သွေးတိုးနှင့် အခြားရောဂါများလည်း ရှိကြောင်း သူ၏အတွင်းရေးကို သိရှိသူတစ်ဦးက ပြောသည်။

    သူက “နေ့လည် (၁၂) နာရီလောက်မှာ ရောဂါဖောက်လာတယ်၊ (၂) နာရီလောက်မှာ သွေးအန်ပြီး ဆေးရုံတင်လိုက်တယ်၊ ညနေ(၅) နာရီ (၁၅) မိနစ်မှာ ဆေးရုံမှာပဲ ဆုံးသွားတယ်၊ အခု သူ့ရုံးကို ပြန်ချလာပြီ” ဟု ပြောသည်။

    သူ၏ ရုပ်အလောင်းကို မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် (၅) လမ်းရှိ ၎င်းတို့တပ်ဖွဲ့ ရုံးစိုက်ရာ နေအိမ်တွင် ထားရှိထားပြီး သြဂုတ်လ (၁၄) ရက်နေ့တွင် မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

    မွန်ပြည်သစ်ပါတီ အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောင်းတလရော့၏ ပြောကြားချက်အရ နိုင်အောင်နိုင်သည် ပဲခူးမြို့တွင် ကြီးပြင်းခဲ့ပြီး မြန်မာ့တပ်မတော်မှ တပ်ကြပ်အဆင့်ဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီတွင် လက်နက်ချခဲ့ရာမှ (၁၉၆၇) ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ ရောက်ရှိခဲ့လာခဲ့သည်။

    လက်ရုံးရည်နှင့် ပြည့်စုံသူတစ်ဦး ဖြစ်ပြီး မွန်ပြည်သစ်ပါတီ မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်တွင် စစ်သင်တန်းကျောင်းအုပ်၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး စသည့် ရာထူးတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ရာမှ (၁၉၉၂) ခုနှစ်တွင် စစ်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ (၂၀၀၃) ခုနှစ်တွင် စစ်ရေးကော်မတီ အတွင်းရေးမှူး နှင့် စစ်ဦးစီးချုပ် ဖြစ်လာခဲ့သည်။

    (၂၀၀၄) ခုနှစ် မေလတွင် နိုင်အောင်နိုင်သည် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်ကို ဦးဆောင်ပြီး စစ်အစိုးရ ပြန်လည်ကျင်းပသည့် အမျိုးသားညီလာခံကို တက်ရောက်ခဲ့သည်။
    (၂၀၀၆) ဒီဇင်ဘာလတွင် ရေရှည်ဆေးကုသခွင့် တောင်းခံခဲ့သဖြင့် ဗဟိုအလုပ်အမှုဆောင် ဆုံးဖြတ်ချက်အရ (၂၀၀၇) ခုနှစ် နိုဝင်ဘာလမှ စတင်ပြီး ဆေးကုသခွင့် ရက်ရှည်ဖြင့် မွန်ပြည်သစ်ပါတီမှ အနားပေးခဲ့သည်။

    (၂၀၀၈) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့အနီးရှိ ပန်းလှိုင်ဆေးရုံ၌ ဆေးကုသမှုခံယူစဉ် စစ်အစိုးရနှင့် လျှို့ဝှက်သဘောတူညီမှု ရယူခဲ့ပြီးနောက် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းကာ ကရင်ပြည်နယ် ဘားအံမြို့နယ် ကော့ယက္ခကျေးရွာ အနီးတွင် အခြေချထားခဲ့သည်။

    လွန်ခဲ့သည့် (၂၀၀၉) ခုနှစ် ဒီဇင်ဘာလတွင် ရာမညတပ်ဖွဲ့ ခေါင်းဆောင် နိုင်ရှောင်းက ၎င်းအဖွဲ့နှင့် ပူးပေါင်းလိုက်ပြီး ပြည်သူ့စစ် အသွင်ပြောင်းရန်အတွက် မွန်ပြည်နယ်တွင် တပ်သားသစ်များ စုဆောင်းလျက် ရှိသည်။

    မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ ဥက္ကဌ နိုင်အောင်နိုင် ကွယ်လွန်သွားခြင်းကြောင့် ဒုဥက္ကဌ နိုင်ရှောင်းက ၎င်းတပ်ဖွဲ့ကို ဦးဆောင်ရမည် ဖြစ်ပြီး စစ်အစိုးရ အလိုကျ ပြည်သူ့စစ် အသွင်ပြောင်းရေးမှာ ဖြစ်နိုင်ချေ အလားအလာ နည်းသွားနိုင်ကြောင်း လေ့လာသူတို့က ပြောသည်။

    မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်ရွာ ဇာတိသား နိုင်အောင်နိုင်သည် ကွယ်လွန်ချိန်တွင် ဇနီး မိတွန်း နှင့် သား (၂) ဦး၊ သမီး (၂) ဦး ကျန်ရစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks