spot_img
Sunday, February 1, 2026
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်လူမှုရေးသည် နိုင်ငံရေး

    လူမှုရေးသည် နိုင်ငံရေး

    -

    လူသားတို့သည် မွေးကတည်းမှ စ၍ အိုမင်းမစွမ်း သေလုနီးပါး ဖြစ်နေသည့်တိုင်အောင်လည်း ယင်းလူသားသည် လူမှုနှင့် နိုင်ငံရေး နယ်ပယ်အတွင်း ရှိနေဖြစ်နေသောကြောင့် ကျွနု်ပ်တို့သည် နိုင်ငံရေး မလုပ်ပါဟု ဆိုပင်ဆိုငြားသော်လည်း မိမိသည် နိုင်ငံရေးနှင့် ကင်းကွာ၍ မရမှန်း တဖြည်းဖြည်း အသိညာဏ်ကြွယ်လာသည်နှင့်အမျှ သိလာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လောကကြီးတွင် သူတစ်ယောက်တည်း နေ၍မရနိုင်၊ မဖြစ်နိုင်။ လူသားအချင်းချင်း ဆက်သွယ်ဆက်နွှယ်၍ နေနေရသောကြောင့်ပင်တည်း။ ယင်းဆက်သွယ်မှုကြောင့် ကောင်းဆိုးနှစ်တန်နှင့် ရင်ဆိုင်ပြီး မိမိ၏ဘဝတစ်ခုကို ဖြတ်သန်းကြရသည်။ ယင်းကောင်းဆိုးနှစ်တန်အနက် တိုင်းတာ၍ မရသည့် လူမှုဒုက္ခ ဘေးဆိုးအမျိုးမျိုးကို ခံစားမှုအမျိုးမျိုးဖြင့် လူသားတိုင်း အနည်းနှင့်အများ ရင်ဆိုင်ဖြေရှင်းနေကြရသည်။

    ဤကောင်းဆိုးနှစ်တန်ကို ဖြေရှင်းနေရသည်မှာလည်း နိုင်ငံရေးပင် ဖြစ်သည်။ ထို့ကြောင့် အကျွနု်ပ်တို့သည် ဗုဒ္ဓမြတ်စွာဘုရားကဲ့သို့ ရုပ်ပိုင်းနှင့်အတူ လောကီစည်းစိမ်နှင့် ခံစားမှုအမျိုးမျိုးကို စွန့်ခွာပြီး သင်္ကန်း(၃)စုံနှင့် သစ်တစ်ပင်ဝါးတစ်ပင်အောက် ရသေ့ရဟန်း ပြုနိုင်ကြသူတွေ မဟုတ်ကြသည့် အနေအထားမှာ ဖြစ်တည်နေရခြင်းကြောင့် လူသား=လူမှု=နိုင်ငံရေး တို့သည် လူသားလူမှုနိုင်ငံရေးတို့နှင့် မည်သည့်အခါမျှ ခွဲခြား၍မရကြောင်း သိရှိလာကြသည်။

    လူမှုရေးမှ ဆင်းသက်လာသည်မှာ လူသားတိုင်း သိပင်သိငြားသော်လည်း မသိကျိုးကျွံ မျက်နှာလွှဲခဲပစ် ငါနှင့်မဆိုင်သလို မသိဟန်ဆောင်ကြသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အုပ်စိုးသူ အကျင့်ပျက် စစ်အာဏာရှင်လက်အောင်တွင် နှစ်ပေါင်းများစွာ ကျရောက်နေရသောကြောင့်ပင်တည်း။ ထို့ကြောင့် လူသား=လူမှု=နိုင်ငံရေး လုပ်နေကြပါလျက်နှင့် နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးအရေးကို ငါနှင့်မဆိုင်သလို နေနေကြသည်။ အခြေမခိုင်သည့် လူမှုရေး နိုင်ငံရေးကို အခြေခံကာ မိမိကိုယ်ကျိုးအတွက် နှစ် (၆၀) ကျော် မျောက်ပြဆန်တောင်းနေကြသည့် အဖွဲ့အစည်းများတို့သည် ပြည်တွင်းထက် ပြည်ပတွင် မှိုပေါက်သလို ရှိနေကြသည်။

    အထူးသဖြင့် ဗမာပြည်အရေးကို ကူညီမှုပြုသည့် အမေရိကန်၏ လျာထားချက် (၃၆.၅)သန်း ရလိုမှုကို လိုက်ပြီး အသင်းအဖွဲ့ ဖွဲ့စည်းနေကြသည်။ ယင်းအရိပ်သည် အရိပ်ကောင်း မဖြစ်နိုင်။ ဤစနစ်ဆိုးကြီး မိမိ၏ အတွင်းသဏ္ဌာန်တွင်လည်းကောင်း၊ အဖွဲ့အစည်းတစ်ခုချင်းတွင်လည်းကောင်း ကိန်းအောင်းနေသ၍ ကာလပတ်လုံး ပြည်သူ့ထွက်ပေါက်ကို ပိတ်ပြီး သေတွင်းသို့ တွန်းပို့နေသည့် စစ်အာဏာရှင် စနစ်ဆိုးနှင့်မခြား ဖြစ်နေခြင်းကြောင့် ယင်းစနစ်ဆိုးကို အားကောင်းလာအောင် ဖန်တီးရာရောက်၏။ မိမိအကျိုးကို ငဲ့ပြီး တိုင်းပြည်နှင့် လူမျိုးအကျိုးကို မျက်ကွယ် ပြုခြင်းသည် ထင်ရာစိုင်းနေကြသော စစ်အာဏာရှင်စနစ်ဆိုးကို အားကောင်းလာအောင် ဖန်တီးရာရောက်၏။

    မိဘပြည်သူသည် ကျေးဇူးရှင် ဖြစ်ခြင်းကြောင့် ကျေးဇူးရှင်ကို ပစ်မှားသော နိုင်ငံတစ်နိုင်ငံကို အုပ်စိုးသောအစိုးရ၊ အဓမ္မအစိုးရတို့သည် ပြည်သူ့ရင်ပြင်တွင် ပြည်သူတစ်ရပ်လုံး၏ ပြစ်ဒဏ်ပေးခြင်းကို ခံရမည်မှာ မုချမလွဲပင်။

    မိမိ၏ အိတ်တွင်းမှ ငွေနှင့် လုပ်အားနှင့် မဟုတ်မူဘဲ အောက်လမ်းနည်းနှင့် ရသည့်ငွေအားဖြင့် လုပ်သည့် နိုင်ငံရေးသည် ဆားမပါသော ဟင်းကဲ့သို့ ဖြစ်၏။ မိမိအကျိုးကို မငဲ့ဘဲ တိုင်းပြည်နှင့် လူမျိုးအကျိုးကို တကယ်လုပ်နိုင်သော၊ အုတ်တစ်ချပ် သဲတစ်ပွင့် သယ်ပိုးနိုင်သော အချိန်အခါသည် ယနေ့ဆိုက်ရောက်ပြီ ဖြစ်သည်။

    ပြည်သူ့တစ်ရပ်လုံးသည် အမှောင်ထုထဲမှ ညသန်းခေါင် မြင်ရသည့် ကြယ်တစ်ပွင့်ပမာ အလင်းဓာတ်များရရန် စောင့်မျှော်နေသည့်ကာလ ဖြစ်နေခြင်းကြောင့် အကျွနု်ပ်တို့သည် တူရာတူရာ စုပေါင်းစုစည်းကာ ပြည်တွင်းပြည်ပ ဟန်ချက်ညီစွာဖြင့် ပြည်သူတစ်ရပ်လုံး၏ အာဏာကို ပြန်လည်ရရှိ၊ သက်ရောက်နိုင်ရေးအတွက် ပြည်သူ့တစ်ရပ်လုံး၏ မှန်ကန်သည့် ဦးတည်ချက်၊ ရည်ရွယ်ချက်အားတွေနှင့် နိုင်ငံရေးအသိ၊ တော်လှန်ရေးအသိစိတ်ဖြင့် ပြည်သူအား သေတွင်းသို့ ပို့နေသည့် စစ်အာဏာရှင်စနစ်ဆိုးများကို နည်းမျိုးစုံဖြင့် စုပေါင်းတွန်းလှန်ဖယ်ရှားကြရန် တပ်လှန့်လိုက်ရပါသည်။

    ပြည်သူ့ဘက်တော်သား (ပန်းချီပန်းပု) ယမဓောအောင်စိန်

    ဘဏ္ဍာရေးအဖွဲ့ဝင်ဟောင်း၊ မကဒတ(ဗဟို)

    ၂၀၁၀ခု၊ ဂျူလိုင်လ(၁၈)ရက်၊ တနင်္ဂနွေနေ့။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks