spot_img
Saturday, January 25, 2025
More
    spot_img
    Homeသတင်းခြုံခိုတိုက်ခိုက်မှုက စီးပွားရေးသမားများအတွက် အခက်ကြုံနိုင်

    ခြုံခိုတိုက်ခိုက်မှုက စီးပွားရေးသမားများအတွက် အခက်ကြုံနိုင်

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အဝင်ဂိတ်ကို ထိုင်းဘက်ကမ်းမှ တွေ့မြင်ရစဉ်

    ကျလွန်းထော။ ။ မြန်မာစစ်အစိုးရတပ်ရင်းနှင့် ကေအန်ယူတပ်တို့၏ မငြိမ်သက်သည့် ခြုံခိုတိုက်ခိုက်မှုကြောင့် ပြည်တွင်းမှ နယ်စပ်ဒေသသို့ ကုန်သွယ်မှုနှင့် လုံခြုံရေးများ အခက်ကြုံနိုင်သည်ဟု ကုန်သည် အသိုင်းအဝန်းမှ သိရသည်။

    ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်မြို့သို့ သွားသည့်မော်တော်ကားလမ်းတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်မှ တပ်ရင်း ခမရ -၄၀၉ နှင့် ကေအန်ယူ (KNU) တပ်မဟာ (၆) မှ တပ်ရင်း ၁၆ နှင့် တပ်ရင်း ၁၇ တို့  ခြုံခိုတိုက်ခိုက်မှုများ ဖြစ်နေသောကြောင့် ဘုရားသုံးဆူမြို့အတွင်းရှိ ကုန်သည်များ ကူးသန်းရောင်းဝယ်ရေးများ ရပ်ဆိုင်းထားရသည်ဟု ကုန်သည်ပွဲစားများထံမှ သိရသည်။

    ဇွန်လ တတိယအပတ်မှ စတင်၍ ပွဲရုံများမှ နယ်စပ်ဒေသသို့ တင်ပို့သည့်ကုန်ပစ္စည်းများကို ၄င်းခြုံခိုတိုက်ခိုက်မှုကြောင့် ကုန်သည်များက ရပ်နားခဲ့သည်။ တချို့ကုန်သည်များက ရေလမ်း ကုန်းလမ်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် ရပ်နားသူများလည်းရှိသည်။

    လွန်ခဲ့သည့် ဇွန်လ ၁၀ ရက်နေ့တွင်  ၄င်းလမ်းကြား၌ တိုက်ခိုက်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီတွင်လည်း နောက်ထပ်တစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ထိုစစ်အစိုးရတပ်နှင့် KNU တပ်တို့၏ ခြုံခိုတိုက်ခိုက်မှုတစ်လျှောက်တွင် မြန်မာစစ်တပ်များ ၃၀ ဦးခန့် ကျဆုံးသွားသည်ဟု KNU စစ်တပ်အသိုင်းအဝန်းမှ သိရသည်။

    “ကေအန်ယူနဲ့ ဗမာစစ်တပ်တွေ ခဏခဏ တိုက်ခိုက််နေမယ်ဆိုရင် အဲဒီလမ်းဖြတ်ဖို့ ကျနော်တို့အတွက် လုံခြုံရေးမရှိတော့ဘူး၊ ကျနော်တို့ဖြတ်သွားတဲ့အချိန်နဲ့ သူတို့ တိုက်တဲ့အချိန် ကိုက်သွားရင် ကျနော်တို့အတွက် အန္တရယ်တွေဖြစ်စေမယ်၊ ပြီးတော့ သူတို့ဘက်က မပေးသွားဘဲ ရပ်ထားခိုင်းရင် ကျတော်တို့ ပစ္စည်းတွေလည်း နယ်စပ်ရောက်ဖို့ နှောင့်နှေးစေလိမ့်မယ်” ဟု သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူမြို့အတွင်းသို့ ကုန်ခြောက်များ ကူးသန်းရောင်းဝယ်နေသည့် ကုန်သည်တစ်ဦးက ပြောသည်။

    ၄င်းကုန်သည်၏အဆိုရ ထိုင်းငွေ ၁၀ သိန်းကျော် ရင်းနှီးမြှပ်နှံထားသည့် ၄င်းတို့စက်ရုံတွင် တစ်နေ့ အမြတ် ဘတ်ငွေ ၃ ထောင်နှင့် ၄ ထောင် နီးပါးရှိနေသည်။ ယခုအခြေအနေကြောင့် ပွဲရုံသို့ ပစ္စည်းမမှာယူရဲကြပေ။

    “ကုန်မကူးရတော့ ဝင်ငွေလည်းမရှိ၊ ပုံမှန်လည်ပတ်နေတဲ့ အလုပ်ကလည်း နားထားရတယ်၊ အခုချိန်မှာ အမြတ်ရဖို့နေနေသာသာ အရင်းကိုပဲထိုင်စားနေရတယ်၊ ပိုက်ဆံမဝင်တော့ အိမ်ကမိန်းမလည်း မကြည်တော့ဘူးဗျ”ဟု ဘုရားသုံဆူမြို့ရှိ ကုန်သည်ကြီးတစ်ဦးက ပြောသည်။

    ကုန်သည်များ၏ လုပ်ငန်းလည်ပတ်ခြင်းများထက် ၄င်းတို့၏ ကုန်စည်များအပေါ် မှီခိုနေသည့် ဘုရားသုံးဆူမြို့ပေါ်ရှိ ပြည်သူများအတွက် စားဝတ်နေရေး ပိုမို ကယက်ရိုက်ခတ်နိုင်သည်ဟု ၄င်းက ပြောသည်။

    “မြို့ပေါ်က ကုန်ပစ္စည်းတွေ သွင်းလို့မရတော့ဘူးဆိုရင် နေ့စဉ် အဲဒီကုန်ပစ္စည်းတွေကို မှီခိုနေတဲ့သူတွေအတွက် စားဝတ်နေရေး အခက်အခဲတွေဖြစ်မယ်၊ ပြီးတော့ ပစ္စည်းမဝင်ရင် ကုန်စျေးနှုန်းတွေလည်း တက်လာလိမ့်မယ်၊ ကျတော်တို့အနေနဲ့ကတော့ ဒီလမ်းမရရင် အဆင်ပြေမယ့်လမ်းကိုရှာပြီး ကုန်ကူးဖို့တော့ အစီစဉ်ရှိတယ်၊ အခြေအနေ ကြည့်ရဦးမယ်” ဟု ၄င်းက ဆက်ပြောသည်။

    နေ့စဉ် ပြည်တွင်းမှ တင်သွင်းနေသည့် ကုန်ပစ္စည်များမှာ များသောအားဖြင့် စားသုံးကုန်များဖြစ်ပြီး အိမ်သုံးပစ္စည်းများနှင့် အလှကုန်များမှာ ထိုင်းနိုင်ငံမှ တင်သွင်းနေသည်ဟု ကုန်သည်ကြီးက ဆက်ပြောသည်။

    “မြို့နယ်ဘက်မှာ လူဦးရေ ၁ သိန်းနီးပါးနဲ့ ဒီမြို့ပေါ်မှာက ခန့်မှန်းခြေအားဖြင့် ၅ သောင်းလောက်က နေ့စဉ်သုံးဆွဲနေတဲ့ ကုန်ပစ္စည်းတွေကို မှီခိုနေရတယ်” ဟု ၄င်းကပြောသည်။
    ယခု ၂၀၁၀ ခုနှစ်အတွင်း မြန်မာစစ်တပ်နှင့် KNU တပ်တို့ နောက်ထပ်တိုက်ခိုက်မှုများ ဖြစ်ပွားဖွယ်အလားလာ ရှိသေးသည်ဟု အမည်မဖော်လိုသည့် ဘုရားသုံးဆူမှ စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။

    “ရွေးကောက်ပွဲဖြစ်မြောက်ဖို့အတွက် စစ်အစိုးရကတော့ သူ့ရဲ့ရှေ့မှာ ရှုပ်နေတဲ့ပြဿနာမှန်သမျှ ရှင်းနေဦးမှာပဲ၊ ဒီလို ခြုံခိုတိုက်ခိုက်မှုကတော့ ထပ်ဖြစ်ဖို့ အလားလာရှိသေးတယ်၊ အဲဒီလိုဖြစ်လာလိုရင် စီးပွားရေးလုပ်တဲ့သူတွေ အခက်အခဲအကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်တယ်” ဟု ၄င်းက ပြောသည်။

    KNU တပ်မှာ စစ်အစိုးရကျင်းပမည့် ရွေးကောက်ပွဲကို ဖျက်သိမ်းလိုခြင်း နှင့် ၄င်းတို့၏ ဧရိယာနယ်နိမိတ်ကို ကိုယ်တိုင်အုပ်ချုပ်နိုင်ကြောင်း ပြသခြင်းသောကြောင့် ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်နိုင်သည်ဟု မွန်ပြည်သစ်ပါတီမှ ဗိုလ်မှုးဟောင်း နိုင်ကောတလရော့ က သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,300SubscribersSubscribe
    spot_img

    Latest posts