spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းပါတီဝင်အင်အား စုစည်းရန် ကြံ့ဖွံ့တိုက်တွန်း

    ပါတီဝင်အင်အား စုစည်းရန် ကြံ့ဖွံ့တိုက်တွန်း

    -

    မိကျလွန်းထော ။    ။မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ပါတီဝင်အင်အားတိုးလာစေရန်အတွက် တစ်ရွာလျှင် ၄၀ ဦးမှ ၅၀ ဦးအထိ စုစည်းထားရန် ကျေးရွာဥက္ကဌများအား တိုက်တွန်းထားသည်။

    လွန်ခဲ့သည့် ရက်သတ္တပတ်မှစ၍ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီ (ကြံ့ဖွံ့) မှ ကျေးရွာဥက္ကဌများထံသို့ ပါတီဝင်အင်အား စုစည်းပေးထားရန် လာရောက် အကြောင်းကြားထားပြီးဖြစ်ကြောင်း ကျေးရွာဥက္ကဌနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။

    “အဲလောက်လူတွေ ဘယ်လိုလုပ် စုရုံးရမှာလဲ၊ ရွာသားတွေကလည်း ပါဝင်ချင်တာမှမဟုတ်တာ၊ ဘယ်သူမှလည်း စိတ်မဝင်စားကြဘူး” ဟု ကျေးရွာဥက္က၏ပြောဆိုချက်ကို ၄င်းနီးစပ်သူက ပြောပြသည်။

    လွန်ခဲ့သော မေလ လယ်တွင် ကြံ့ဖွံ့ပါတီမှ ပါတီအဖွဲ့ဝင်ဆိုပြီး တစ်ရွာ ၂ ဦးနှုန်းဖြင့် ခေါ်ယူထားပြီး၊ ဇွန်လအစတွင်လည်း တစ်ရွာ ၂ ဦး နောက်ထပ် စုခိုင်းခဲ့ပြန်သည်။ တတိယအကြိမ်အဖြစ် ယခုနောက်ထပ် ကျေးရွာဥက္ကဌအား ပါတီဝင်အင်အားစုစည်းရန်း တိုက်တွန်းပြန်သည်ဟု ၄င်းကဆက်ပြောသည်။

    “ရွာတိုင်းမှာ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေရှိတယ်၊ ဒါပေမဲ့ အခုလို ရွေးကောက်ပွဲဝင်မယ့် ပါတီ အနေနဲ့တော့ ရွာသားအများစုက စိတ်မဝင်စားကြဘူး၊ ရွာဥက္ကဌနဲ့ နီးစပ်တဲ့သူတွေ၊ ရွာမှာသြဇာရှိ ပိုက်ဆံရှိတဲ့လူတွေကိုပဲ ဥက္ကဌက ရွေးပြီး စာရင်းပေးလိုက်တာ” ဟု ၄င်းက ပြောသည်။

    မုဒုံမြို့နယ် ကမာဝက်ကျေးရွာတွင်မူ ကြံ့ဖွံ့ပါတီအတွက် ပါတီဝင်အင်အား ၅၀ ဦး စုဆောင်းရသည်ဟု ရွာခံတစ်ဦးက ဆိုသည်။

    ဒေသခံများထဲမှ ၂၅ ရာခိုင်နှုန်းလောက်သာ ကြံ့ဖွံ့ပါတီကို စိတ်ဝင်စားကြပြီး၊ ထိုသူများမှာ ကြံ့ခိုင်ရေးအဖွဲ့မှ ယခင်က GSM ဖုန်း ထောက်ပံ့မှုရရှိထားသူများဖြစ်ကြောင်း မုဒုံမြို့ရှိ နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။

    “ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊ ပါတီအတုတွေကို စိတ်မဝင်စားဘူး၊ အခုချိန်မှာ မွန်ပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုပဲ မဲထည့်ပေးဖို့က အဓိကဖြစ်တယ်” ဟု ၄င်းက ပြောသည်။

    အလားတူ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာတိုင်းမှာလည်း တစ်ရွာလျှင် အယောက် ၂၀ မှ ၅၀ ထိစုဆောင်းပေးရမည်ဟု ချောင်းဆုံမြို့နယ်ရှိ ကြံ့ဖွတ်ပါတီမှ ကျေးရွာဥက္ကဌတွေကို တိုက်တွန်းထားသည်ဟု ကြံ့ဖွံ့အဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ဥက္ကဌနဲ့ပေါင်းပြီးတော့ စုခိုင်းနေတယ်၊ အခု ရွာတိုင်းမှာ စုနေဆဲ၊ ရွာသားတွေ မဝင်ချင်လည်း ဝင်နေရတယ်”  ဟု ၄င်းက ဆက်ပြောသည်။

    ကြံ့ဖွံ့ပါတီမှာ အုပ်ချုပ်ရေးအာဏာကို အသုံးချပြီး ယခုလိုမျိုး ရပ်ရွာလူမျိုးစုအကြားမှာ ပါတီဝင်အင်အား စုဆောင်းနေသည်ဟု (UDP) ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဌ ကိုဖြိုးမင်းသိန်းက ပြောသည်။

    “ပါတီဝင်အချင်းချင်းဟာ ချမှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေအောက်မှာ စည်းရုံးသင့်တယ်၊ အခုလို အုပ်ချုပ်ရေးအာဏာကို အသုံးချနေတာဟာ လုံးဝမဖြစ်သင့်ဘူး၊ ပြီးတော့ ရွေးကောက်ပွဲဥပဒေနှင့်လည်း လုံးဝ မညီညွတ်ပါဘူး” ဟု ပြောသည်။

    ပြည်ထောင်စု ဒီမိုကရေစီပါတီသည် မန္တလေးတိုင်း၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတို့တွင် စည်းရုံးရေးခရီးစတင်နေသည်။

    ကြံ့ဖွံ့ပါတီကို နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဦးဆောင်စည်းရုံးမှာဖြစ်ပြီး ၄င်းတို့၏ စည်းရုံးရေးခရီးစဉ်မှာ ပေါ်တင်မှုမရှိသေးသော်လည်း နယ်ဘက်တွင်မူ ပါတီဝင်စုစည်းရန် ကျေးရွာဥက္ကဌများကို ညွှန်ကြားထားပြီးဖြစ်သည်။

    နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲတွင် ပါဝင်မည့် နိုင်ငံရေးပါတီအားလုံးသည် မဲဆွယ်စည်းရုံးရေးဟောပြောပွဲများ ပြုလုပ်လိုပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့  တစ်ပါတ်ကြိုတင် စာရင်းပေးသွင်းထားရမည်ဟု ဇွန်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ညွှန်ကြားချက်အမှတ် (၂/၂၀၁၀) အရ ကြေငြာချက်ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks