Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအဖမ်းအဆီးသတင်းကြောင့် အလုပ်သမားများ ထိန့်လန့်ကြောက်ရွံ့နေကြ

    အဖမ်းအဆီးသတင်းကြောင့် အလုပ်သမားများ ထိန့်လန့်ကြောက်ရွံ့နေကြ

    -

    မိလရီထော။  ။ယခုရက်ပိုင်းအတွင်း ထိုင်းအစိုးရမှ တရားမဝင်အလုပ်သမားများ ဖမ်းဆီးနေခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလွန်ထိန့်လန့်နေကြကြောင်း သိရသည်။

    “အခုတလော အလုပ်သမားတွေ တော်တော်ဖမ်းနေတာ ကြားတယ်၊ ကျမတို့ အလုပ်ရှင်ကလည်း လာပြောထားတယ်၊ အလုပ်တောင် မသွားရဲဘူး၊ အိမ်ပြင်တောင် မထွက်ရဲဘူး၊ အခန်းထဲမှာပဲ တစ်နေကုန် နေနေရတယ်၊ ကျမမှာ ဘာလက်မှတ်မှ မရှိဘူး၊ ဒီလိုပဲ နေသွားရမယ်ဆိုရင် ကြာကြာတော့ မခံနိုင်ဘူး” ဟု မဟာချိုင်ရှိ ငါးပုဇွန်အလုပ်ရုံမှ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

    ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအများစု အလုပ်လုပ်နေကြသည့် ဘန်ကောက်မြို့၊ မဟာချိုင်နှင့် စမုစခွန်ပြည်နယ်များသည် အဖမ်းအဆီး အများဆုံး ခံရသည့် ဒေသဖြစ်ကြောင်း ဘန်ကောက်မြို့ပေါ်တွင် အလုပ်လုပ်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးက ပြောသည်။

    “၂၀ ရက်နေ့က ‘ဘိုင်ခါ’ ဘက်မှာ ရဲတွေ ၆၄ ယောက် ဖမ်းထားတယ်၊ အဲဒီမှာ မွန်တွေ အယောက် ၄၀ ပါတယ်၊ ကျန်တာတွေကတော့ ဗမာနဲ့ ထားဝယ်တွေ ဖြစ်ကြတယ်၊ ‘ပျင်ကဒီ’ ဘက်မှာလည်း မွန်အယောက် ၂၀ နဲ့ ဗမာ ၁၀ ယောက် ပါသွားသေးတယ်” ဟု ၄င်းက ပြောသည်။

    ယခုလို ဖမ်းဆီးမှုများ ရှိသည့်အတွက် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် အလုပ်သမားများ အခက်အခဲပေါင်းစုံနှင့် ရင်ဆိုင်နေရကာ ဆက်လက်နေထိုင်သွားရန်အတွက်လည်း အခက်အခဲ ဖြစ်နေကြကြောင်း အလုပ်သမားတို့က ပြောသည်။

    “တချို့အလုပ်ရုံမှာဆို အလုပ်ရှင်က နေဖို့ အလုပ်လုပ်ဖို့ကို တာဝန်ယူတယ်၊ တာဝန်ယူတယ်ဆိုတာကလည်း အလုပ်ရှင်တွေက အလုပ်သမားတွေရဲ့ လစာကနေ တစ်လကို  ဘတ် ၄၀၀၊ ၅၀၀ နှုတ်ယူထားတယ်၊ သူတို့ပြောတာက ရဲတွေကို ပေးမယ်တဲ့၊ ကြောက်စရာ မလိုရအောင်တော့ ပြောတာပဲ” ဟု မဟာချိုင်ရှိ  အလုပ်သမားတစ်ဦးက ပြောသည်။

    စမုစခွန်ပြည်နယ်တွင် ရွေ့ပြောင်းအလုပ်သမား ၁၀ သိန်းခန့် ရှိပြီး မဟာချိုင်တွင် စုစုပေါင်း ၃ သိန်းကျော် ရှိကြောင်း ထိုဒေသနှစ်ခုအတွင်းတွင် ရွှေ့ပြောင်းအလုပ်သမာ းအများဆုံး အလုပ်လုပ်ကိုင်နေကြသည့်ဒေသ ဖြစ်သည်။

    “ဖမ်းတာကတော့ အမြဲဖမ်းနေတာပဲ ဒါပေမဲ့ အခုက မူဝါဒအသစ်သဘောနဲ့ ဖမ်းတယ်၊ အဓိကကတော့ လူကုန်ကူးတွေ လျော့သွားအောင်၊ နောက်တချက်က အလုပ်သမားတွေ နိုင်ငံကူးလက်မှတ် လုပ်ဖို့ပဲ” ဟု မဟာချိုင်ရှိ ရွှေ့ပြောင်းအလုပ်သမားများကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    ယခုလိုအဖမ်းခံရသည့်အလုပ်သမားများအတွက် အချို့အလုပ်ရှင်များက ပြန်လည် ရွေးထုတ်ယူပြီး အချို့က အလုပ်ရှင်မှ လာရောက်ရွေးထုတ်ပေးခြင်း မရှိသည့်အတွက် နေရပ်သို့ ပြန်လည်ပို့ဆောင်ခြင်း ခံနေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks