spot_img
Thursday, September 18, 2025
More
    spot_img
    Homeသတင်းမြစ်ရေခန်းခြောက်မှုကြောင့် ဘုရားသုံးဆူဟောင်း ပြန်ပေါ်လာ

    မြစ်ရေခန်းခြောက်မှုကြောင့် ဘုရားသုံးဆူဟောင်း ပြန်ပေါ်လာ

    -

    ဝင်းကရွာဟောင်းရှိ ဘုရားသုံးဆူစေတီဟောင်း

    အာကာ။  ။ယခုနှစ်နွေရာသီ၌ မကြုံစဖူး မြစ်ရေများ ခန်းခြောက်လာမှုကြောင့် ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ် ဝင်းကရွာဟောင်းရှိ ရေအောက်နစ်မြုပ်ခဲ့သော ဘုရားသုံးဆူစေတီဟောင်း၊ ဝင်းကရွာဟောင်း၊ ကျောင်းဟောင်းနှင့် သိမ်ဟောင်းများ ပြန်ပေါ်လာသည်ကိုတွေ့ရှိနေရသည်။

    လွန်ခဲ့သည့် ၂ လကျော်ကပင် ဤစေတီ စသော သမိုင်းအမွေအနှစ်ဟောင်းများ ပြန်ပေါ်လာခဲ့ပြီး ထိုင်းနိုင်ငံ ဒေသအသီးသီးမှ လာရောက်ကြည့်ရှု လေ့လာသူများ တနေ့ထက်တနေ့ များပြားလာကြောင်း တွေ့ရသည်။

    လွန်ခဲ့သောနှစ်ပေါင်း နှစ်ရာ့ငါးဆယ်ဝန်းကျင်တွင် ဟံသာဝတီ မွန်နေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သော မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ထားခဲ့သည်ဟု ဘုရားသုံးဆူရွာ (ထိုင်းနိုင်ငံ) တွင် သီတင်းသုံးလျက် ရှိသော ကျောင်းထိုင်ဆရာတော် အသျှင်ဟံသာရာဇာက ၂၅၃ ကြိမ်မြောက် ဟံသာဝတီနေပြည်တော် ပြန်လည်အောက်မေ့ဖွယ် အခမ်းအနားတစ်ရပ်၌ သြဝါဒ မြွက်ကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

    လွန်ခဲ့သော ၂၇ နှစ်ခန့်က ထိုင်းအစိုးရ၏ ထွန်ဖါဖွန် ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဝင်းကရွာဟောင်းတစ်ခုလုံး ရေမြုပ်ခံလိုက်ရပြီး အဆိုပါဘုရားသုံးဆူသည်လည်း ရေအောက်သို့ လုံးလုံးမြုပ်သွားခဲ့ရသည်။

    ကန်ချနပူရီခရိုင်ရှိ ထွန်ဖါဖွန် ရေအားလျှပ်စစ်စက်ရုံသည် ဤဒေသရှိ မြစ်ချောင်းရေများကို အဓိကအားထားနေရသည်။

    စံခလယ်ချောင်း၊ ဘီးခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာအရပ်၌ အဆိုပါဘုရားသုံးဆူ တည်ရှိသည်။

    အဆိုပါမြစ်သုံးသွယ် ပေါင်းဆုံပြီး ကွေးမြစ်လက်တက်တစ်ခု ဖြစ်ပေါ်ကာ ထွန်ဖါဖွန်ရေကာတာဖြင့် ရေများကို ထိန်းသိမ်းထားပြီး ယခုတိုင်လျှပ်စစ်ဓါတ်အား ထုတ်လုပ်လျက် ရှိသည်။

    “ရွာဟောင်းရေမြုပ်ကတည်းက ဆိုရင် ဒီလို ရေခန်းတာ လေးကြိမ် ရှိပြီ၊ ပျမ်းမျှ ခုနစ်နှစ် တစ်ကြိမ် ဒီလိုရေခန်းတယ်” ဟု ထိုင်နိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတားအနီး စံခလယ်ချောင်းတွင် ဖောင်အိမ်ငှားခြင်းဖြင့် အနှစ် ၂၅ ကျော် အသက်မွေးလာခဲ့သူနိုင်ချစ်ငွေက ပြောသည်။

    ယခင်နှစ်နွေရာသီ ရေအနည်းဆုံးအချိန်တွင် စံခလယ်ချောင်း၌ ရေ ၁၈ ပေရှိပြီး ယခုနှစ်တွင် ၉ ပေသာ ကျန်ရှိတော့ကြောင်း နိုင်ချစ်ငွေက ဆက်ပြောသည်။

    ထိုင်းသတင်းတစ်ရပ်အဆိုအရ ယခုနှစ်နွေရာသီတွင် ထိုင်းနိုင်ငံအတွင်းရှိ ရေကာတာဆည် ၂၇ ခုမှ ရေများ ယခင်နှစ် နွေရာသီထက် ရေ (၅၀) ရာနှန်း ခန်းခြောက်နေပြီး ရေအားလျှပ်စစ် ထုတ်လွှတ်ရန်၊ ရေသွင်းစိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးပြုရန်နှင့် သောက်သုံးရေအတွက် အခက်အခဲနှင့် ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

    ယခုအခါမိုးရာသီသို့ ဝင်ရောက်နေပြီ ဖြစ်သော်လည်း မိုးများကောင်းမွန်စွာ မရွာသွန်းသေးသဖြင့် ဤဒေသရှိ မြစ်ရေချောင်းရေများ ထပ်မံ လျော့နည်းဖွယ် ရှိသည်။

    ယခုပေါ်လာသည့် ဘုရားသုံးဆူဟောင်းနှင့် လက်ရှိခေါ်တွင်နေသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမှာ ကီလိုမီတာ ၃၀ ခန့် ကွာဝေးပြီး သက်ကြီးရွယ်အိုတို့၏ ပါးစပ်ရာဇဝင်အရ ဤဘုရားသုံးဆူဟောင်းသည် ရှေးဧကရာဇ်မင်းများ လက်ထက်က ထိုင်း-မြန်မာနယ်စပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

    ရေခန်းခြောက်ခြင်းကြောင့် ရေကိုမှီခို၍ ဖောင်အိမ်ငှားခြင်းဖြင့် အသက်မွေးကြသူများ လာရောက်တည်းခိုသူ နည်းပြီး အခက်အခဲနှင့်  ကြုံတွေ့ကြရသော်လည်း ရွာဟောင်းနှင့် ဘုရားသုံးဆူဟောင်းကို လာရောက်လေ့လာသူများခြင်းကြောင့် စံခလပူရီရှိ တည်းခိုခန်းများ၌ တည်းခိုသူများကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,900SubscribersSubscribe
    spot_img

    Latest posts