spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးခရီးစဉ် အောင်မြင်

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေးခရီးစဉ် အောင်မြင်

    -

    အာကာ

    ပါတီဝင်အင်အား စုစည်းရန်အတွက် စည်းရုံးရေး ဆင်းနေသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ စည်းရုံးရေး ခရီးစဉ် အောင်မြင်ေကာင်း စည်းရုံးခံဒေသမှ နယ်မြေခံများက ပြောသည်။

    ၎င်းပါတီက ယခုလ ဒုတိယပတ်တွင် မွန်ပြည်နယ် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ သံဖြူဇရပ်မြို့နယ်နှင့် မုဒုံမြို့နယ်များအတွင်း စည်းရုံးရေး ဆင်းခဲ့သည်။

    အဆိုပါခရီးစဉ်တွင် ပါတီ၏ မူဝါဒလမ်းစဉ်များကို ရှင်းလင်းခဲ့ပြီး ဒေသခံပြည်သူများနှင့် ရဟန်းသံဃာတော်များ၏ ဝိုင်းဝန်းကူညီမှု၊ ထောက်ခံမှုနှင့် အကြံညာဏ်ပေးမှုကိုလည်း ရရှိခဲ့သည်ဟု ပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။

    “အတော်လေးကို အားရပါတယ်၊ ဒီလောက် တက်ရောက်အားပေးကြမယ်လို့ ကျနော် မထင်မိဘူး” ဟု သူက ပြောသည်။

    ယခုစည်းရုံးရေးခရီးသည် ၎င်းပါတီအတွက် ပထမဆုံးအကြိမ် စည်းရုံးရေးခရီးဖြစ်ပြီး ပါတီဝင်အင်အား စုစည်းရန်အတွက် မြို့ပေါ်ရှိ အသင်းအဖွဲ့မျှကိုသာ စည်းရုံးရသေးကြောင်း၊ ပြည်သူများအကြား စည်းရုံးရေး မဆင်းရသေးကြောင်း ပါတီခေါင်းဆောင်က ပြောသည်။

    မုဒုံမြို့ စည်းရုံးရေး ခရီးတွင် တက်ရောက်နာကြားသူ တစ်ရာခန့် ရှိကြောင်း၊ တက်ရောက်သူများကလည်း ပါတီ ရှေ့လုပ်ငန်းစဉ်များအတွက် လိုအပ်မည့် အကူအညီများပေးရန် ကတိပြုခဲ့ကြောင်း တက်ရောက်နာကြားသူတစ်ဦးက ပြောသည်။

    သူက “ပါတီအတွက် လိုအပ်တဲ့ ပါတီဝင်အင်အားတွေကို ဝိုင်းဝန်း စုဆောင်းပေးဖို့နဲ့ တခြားအကူအညီတွေကိုလည်း ပေးသွားမယ်လို့ တက်ရောက်သူတွေက ကတိပေးသွားတာ ရှိတယ်” ဟု ပြောသည်။

    ၎င်းပါတီက မွန်ပြည်နယ် ရေးမြို့နယ်နှင့် မုဒုံမြို့နယ်များတွင် ပါတီဝင်အင်အားကို အဓိကထား စုဆောင်းသွားမည်ဖြစ်ပြီး မွန်ဒေသတစ်ခုလုံးတွင် ပါတီဝင်အင်အား တစ်ထောင်ကျော် ရရှိရန် လျာထားသည်ဟု သိရသည်။

    ယခုအခါ ရှေ့လုပ်ငန်းစဉ်များအနေဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်များ သတ်မှတ်ရွေးချယ်နိုင်ရေးအတွက် ကျေးရွာနှင့် မြို့နယ်ကော်မတီ အဖွဲ့ဝင်အဆင့်ဆင့်တို့အား သက်ဆိုင်ရာဒေသအလိုက် သတ်မှတ်ဖွဲ့စည်းလျှက် ရှိသည်။

    လာမည့်ဇွန်လ (၂၄) ရက်နေ့တွင် မြို့နယ်အဆင့် အဖွဲ့ဝင်များ အပြီးသတ် သတ်မှတ်ရွေးချယ်သွားမည် ဖြစ်ပြီး လကုန်ပိုင်း၌ ဗဟိုကော်မတီများ ဆက်လက်ရွေးချယ်နိုင်ရေးအတွက် ပြင်ဆင်လျက် ရှိသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ယခုနှစ် ဧပြီလ (ရ) ရက်နေ့တွင် အငြိမ်းစား အစိုးရဝန်ထမ်းများ၊ တတ်သိပညာရှင်များ၊ မွန်အမျိုးသားဒီမိုကရေစီပါတီဝင်အချို့နှင့် မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ပါတီဝင်အချို့နှင့် စတင်ဖွဲ့စည်းခဲ့သည်။

    မေလ(၂၄) ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား ပါတီမှတ်ပုံတင်အမှတ် (၁၃) ဖြင့် ပါတီမှတ်ပုံတင်ခွင့် ပြုခဲ့သည်။

    ပါတီရုံးချုပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ဖွင့်လှစ်ထားပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ်ပြိုင်အရွေးခံရန် ရည်ရွယ်ထားသည်။

    အဓိက မွန်အမျိုးသားပါတီကြီးနှစ်ရပ် ဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့တို့က လာမည့် (၂၀၁၀) ရွေးကောက်ပွဲအား ကန့်ကွက်ထားခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks