Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစပါးအထွက်နည်းမည်ကို လယ်သမားများ စိုးရိမ်နေကြ

    စပါးအထွက်နည်းမည်ကို လယ်သမားများ စိုးရိမ်နေကြ

    -

    မင်းတော်လဝီ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်အတွင်းရှိ ရေနက်ကွင်းများမှ ကြဲခင်းစပါးပင်များ အသေအပျောက်များနေခြင်းနှင့် နောက်ကျမှ စိုက်ရခြင်းတို့ကြောင့် ယခုနှစ် စပါးအထွက်လျော့နည်းမည်ကို လယ်သမားများ စိုးရိမ်နေသည်ဟု ဒေသခံလယ်သမားတို့က ပြောသည်။

    “နွေကာလလည်းရှည် အပူချိန်ကလည်းအလွန်မြင့်လို့ နောက်ပြီး မုတ်သုန်မိုးလည်းမဆက်သေးတော့ ကြဲထားတဲ့စပါးတွေလည်း အများအပြားသေတယ်၊ ကျန်တဲ့ရေနက်ကွင်းမှာလည်း ကြဲခင်းဆက်ပြီး မကြဲရဲတော့ဘူး မျိုးတွေဆုံးရှုံးကုန်ပြီးလို့” ပေါင်မြို့နယ် ဇင်းကျိုက်ရွာမှ လယ်သမားတစ်ဦးက ပြောသည်။

    “စိုက်ခင်းအတွက် မျိုးမထောင်နိုင်သေးသလို ရေတော် မိုးတော်လယ်တွေကို အချိန်မီစိုက်ဖို့ ပျိုးပင်က အရေးကြီးဆုံးပဲ ခါတိုင်းနှစ်ထက် တစ်လနောက်ကျနေပြီး” ဟု အထက်ပါ လယ်သမားက ပြောသည်။

    ရန်ကုန်-မတ္တမကားလမ်းအနောက်ဘက်ရှိ ဂေါ့ကွင်းနဲ့ ကျုံထော်ကွင်းဧရိယာအားလုံးသည် ရေနက်ကွင်းများဖြစ်ပြီး မိုးကြိုကြဲခင်းအများဆုံးကြဲသည့်ကွင်းလည်းဖြစ်သည်။ တချို့ကွင်းတွေမှာ ပျိုးထောင်ပြီး စိုက်ကြပေမယ့် ယခုနှစ်မိုးမရွာလို့ ကြဲခင်းဖြင့်သာ လုပ်နေကြသည်ဟု သထုံမြို့နယ် ဂေါ့ကွင်းရေနက်ကွင်းက လယ်သမားတစ်ဦးက ပြောသည်။

    ယခုလို ကြဲခင်းစပါးပင်များ အသေအပျောက်များနေသည့်အတွက် နောက်ထပ်မျိုးစေ့ပြန်ကြဲရန် မျိုးစေ့အခက်အခဲဖြစ်နေကြသည့် လယ်သမားများရှိသလို တချို့လည်း မျိုးစေ့ကို စျေးကြီးကြီးဖြင့် ပေးဝယ်နေကြရသည်။

    “ရေနက်ကွင်းလိုနေရာမျိုးက ဒေသမျိုးရေဒဏ်ခံ စပါးတတောင်ပိုမျိုး ကောက်ကြီးမျိုးတွေ အများဆုံးစိုက်တယ်၊ အထွက်သေချာတယ် အစိုးရကပေးတဲ့ ရေနက်စပါးမျိုး ၄ မျိုးလောက်ရှိတယ်၊ ဒီဒေသနှင့်မကိုက်ဘူးလို့” ၄င်းလယ်သမားက ပြောသည်။

    ရေနက်ကွင်းဆိုတာ ဒေသမျိုးရာသီအလိုက် သက်ကြီးမျိုးများကို အဓိကထားစိုက်ပျိုးလေ့ရှိကြပြီး သက်တမ်းအားဖြင့်ရက်ပေါင်း ၁၅၀ ကျော်မျိုးများဖြစ်သည်။ မိုးကောင်းရန်လည်းလိုအပ်ကာ ယခုလိုတလနောက်ကျပြီးမှ မျိုးစေ့ချရသည့်အတွက် မိုးမသေချာရင်လည်း စပါးအထွက်ထိခိုက်နိုင်ကြောင်း မိုးလေဝသဌာနကလည်း မိုးစောစောဆုတ်နိုင်တယ်လို့ ခန့်မှန်းထားတယ်ဟု သထုံခရိုင်စိုက်ပျိုးရေးဝန်ထမ်းတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့သည် စပါးစိုက်ဧကအများဆုံးမြို့နယ်ဖြစ်ပြီး၊ မိုးစပါးစိုက်ဧက၏ သုံးပုံတစ်ပုံခန့်မှာ ပင်လယ်ကမ်းစပ်တလျှောက် ရေနက်ကွင်းဖြစ်၍ ကြဲခင်းအများဆုံးစိုက်ပျိုးကြသည်။ ပေါင်မြို့နယ်မှာ မိုးစပါးစိုက်ဧက (၁၂၀၀၀၀) ခန့်ရှိပြီး၊ သထုံမြို့နယ်က မိုးစပါးစိုက်ဧက (၁၀၀၀၀၀) ခန့်ရှိသည်ဟု ပြည်နယ်မြေစာရင်းဦးစီးဌာန၏ စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks