Tuesday, March 10, 2026
More
    spot_img
    Homeသတင်းအနားယူခဲ့သော မွန်ပြည်သစ်ဗဟိုကော်မတီအချို့ ရွေးကောက်ပွဲဝင်ရန် စီစဉ်

    အနားယူခဲ့သော မွန်ပြည်သစ်ဗဟိုကော်မတီအချို့ ရွေးကောက်ပွဲဝင်ရန် စီစဉ်

    -

    အာကာ

    မကြာမီလပိုင်းအတွင်းက အနားယူခဲ့ကြသည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်အချို့ ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် စီစဉ်နေကြောင်း သိရသည်။

    အနားယူခဲ့သူများဖြစ်ကြသည့် တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ နိုင်ထောအိန် (နိုင်ခိုစိုက်) နှင့် နိုင်တင်လှတို့သုံးဦးက မြန်မာစစ်အစိုးရနှင့် ပူးပေါင်းလိုက်ပြီဟု စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

    “လက်ရှိပိတ်ထားတဲ့ မြို့ပေါ်ရုံးတွေမှာ အနားယူထားတဲ့ ဗဟိုကော်မတီဝင်ဟောင်းတွေနဲ့ အရာရှိငယ်တွေ သူတို့သဘောနဲ့သူတို့ စုရုံးရောက်ရှိနေကြတယ်၊ ပါတီက တာဝန်ပေးထားတာ မရှိဘူး” ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    နယ်ခြားစောင့်တပ် (သို့) ပြည်သူ့စစ် မဖွဲ့ဟု ပြီးခဲ့သည့်ဧပြီလ (၂၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီက စစ်အစိုးရထံ အကြောင်းပြန်ခဲ့ပြီးနောက်ပိုင်း၌ ပြည်တွင်းရှိ ရုံးများကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

    ၁၉၉၅ ခု အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းတွင် ရန်ကုန်၊ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ဘုရားသုံးဆူနှင့် မြဝတီမြို့များတွင် မွန်ပြည်သစ်ပါတီရုံးများကို စစ်အစိုးရ သဘောတူညီချက်ဖြင့် ဖွင့်လှစ်ထားရှိခဲ့သည်။

    လက်ရှိအနေအထား၌ မော်လမြိုင်မြို့ပေါ်ရှိ မွန်ပြည်သစ်ပါတီရုံးတွင် နိုင်ချမ်းတွဲ့ ရောက်ရှိနေကြောင်း ရုံးသားတစ်ဦးက အတည်ပြု ပြောကြားသော်လည်း မည်သည့်လုပ်ငန်းတာဝန်များ ဆောင်ရွက်နေသည်ကို မေးမြန်းရာ၌ ဖြေဆိုခြင်း မပြုခဲ့ပေ။

    တဖန် နိုင်ထောအိန်ကလည်း နေ့တိုင်းလိုလို ရုံးသို့လာရောက်နေကြောင်း မွန်ပြည်သစ်ပါတီ သံဖြူဇရပ်မြို့၊ ဆက်ဆံရေးရုံးက အတည်ပြု ပြောကြားသည်။

    “နိုင်ထောအိန်က ရွေးကောက်ပွဲဝင်ဖို့ သူတို့ကို မွန်ပြည်သစ်ပါတီဗဟိုက လွှတ်လာတယ်လို့ ပြောတယ်” ဟု မွန်သံဃာတော်များအကြား စည်းရုံးပြောဆိုနေကြောင်း သံဖြူဇရပ်မြို့မှ ဘွဲ့အမည်မဖေါ်လိုသူ မွန်သံဃာတော်တစ်ပါးက မိန့်ကြားခဲ့သည်။

    အကဲခတ်သူအချို့၏ အဆိုအရ ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီရုံးများကို ပါတီမှ အနားယူထားသူ ဗဟိုကော်မတီဝင်သုံးဦးက ပြန်လည်ဖွင့်လှစ်ပြီး လက်ကျန်စီးပွားရေးလုပ်ငန်းများကို ဆက်လက်ထိန်းချုပ်ထားကာ စစ်အစိုးရချပြသည့် လမ်းစဉ်အတိုင်း မွန်ပြည်သစ်ပါတီအမည်ခံ ပါတီတစ်ရပ်ကဲ့သို့ ရွေးကောက်ပွဲဝင်နိုင်ရန် ကြိုးပမ်းနေသည်ကို တွေ့ရှိရသည်။

    ထို့အတူ ယခင်အနားယူခဲ့သည့် နိုင်အောင်နိုင်အဖွဲ့သည်လည်း နယ်ခြားစောင့် (သို့မဟုတ်) ပြည်သူစစ် ဖွဲ့စည်းနိုင်ရေးအတွက် လူအင်အား (၅၀) ပြည့်ရန် အကြိတ်အနယ် စုစည်းနေပြီး အခြေခံစစ်သင်တန်းပေးလျှက် ရှိသည်။

    စစ်ရေးစောင့်ကြည့်လေ့လာသူများက မကြာမီရက်ပိုင်းအတွင်း စရဖအကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးရဲမြင့် မော်လမြိုင်မြို့သို့ လာရောက်ရန်ရှိပြီး လက်ရှိမွန်ပြည်သစ်ပါတီ ကိစ္စရပ်များအား ရတခတိုင်းမှူးနှင့် နည်းဗျူဟာအစီအစဉ်သစ်များ ချမှတ်နိုင်ဖွယ် ရှိသည်ဟုလည်း ပြောဆိုသုံးသပ်နေကြသည်။

    လက်ရှိရတခတိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းနှင့် မွန်ပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူးဟောင်း နိုင်ချမ်းတွဲ့တို့မှာ မော်လမြိုင်တက္ကသိုလ် တက်ရောက်ခဲ့စဉ် အလွန်ရင်းနှီးခဲ့ကြသူများ ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks