Tuesday, March 10, 2026
More
    spot_img
    Homeသတင်းနိုင်အောင်နိုင်တပ်ဖွဲ့မှ ဆပ်ကြေးငွေတောင်းခံနေပြီ

    နိုင်အောင်နိုင်တပ်ဖွဲ့မှ ဆပ်ကြေးငွေတောင်းခံနေပြီ

    -

    မင်းအာသံ

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း မြို့နယ်တချို့ရှိ မွန်ကျေးရွာငယ်တွေမှာ မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲဲ့့တို့မှ တပ်သားအတွက် ရန်ပုံငွေဆိုပြီး ဆပ်ကြေး ငွေတောင်းခံနေသည်။

    နိုင်အောင်နိုင်ဦးဆောင်သည့် ထိုတပ်ဖွဲ့သည် မြန်မာစစ်အစိုးရတို့၏ ပြည်သူ့စစ်လုပ်ဆောင်ရန် တပ်သားအင်အားဖြည့်နေသည်။ ထိုကြောင့် ၄င်းတို့တပ်သား စားနပ်ရိက္ခာအတွက် ယခုလို ဒေသခံများထံ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။

    မုဒုံမြို့နယ်အတွင်းရှိ အဘစ်၊ နှီးပဒေါ်၊ ဆက်သွယ်၊ ကော့ခပုံ၊ ကွမ်းခဗူး၊ ထုံမင်း၊ ကလော့တော့နှင့် တောင်ပေါက်အစရှိသည့်ကျေးရွာတွေမှာ ၄င်းတို့တပ်မှ နိုင်ရွှေဗြိုင်နှင့် တပည့်နှစ်ယောက် သွားရောက်ပြီး ရွာဥက္ကဋ္ဌမှတဆင့် ရာဘာခြံပိုင်ရှင်တွေထံ ငွေတောင်းပေးပါရန် ခြောက်လှန့်ထားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ကျေးရွာဥက္ကဋ္ဌနှင့် နီးစပ်သူတစ်ဦးက “သူတို့က ဥက္ကဋ္ဌကို ခေါ်ပြီးတော့ ရာဘာခြံရှိတဲ့အိမ်ဆို တစ်ဧက ကျပ် ၁၀၀၀ တောင်းခိုင်းတယ်၊ ၃ ရက် ရက်ချိန်းပေးထားတယ်၊ တကယ်လို့ သတ်မှတ်ရက်အတိုင်း မပေးနိုင်ရင် ရတဲ့နည်းနဲ့ တောင်းသွားမယ်လို့ ပြောတယ်”ဟု ၄င်းက ပြောသည်။

    နိုင်အောင်နိုင်တပ်ဖွဲ့သည် ရာဘာခြံပိုင်ရှင်များထံ ငွေကြေးတောင်းခံသည့်အပြင် မုဒုံမြို့နယ်အတွင်းရှိ ထိုင်းဖုန်းပိုင်ရှင်တွေထံမှာလည်း ငွေကြေးတောင်းခံခဲ့ကြောင်း ထိုင်းဖုန်းထောင်ထားသည့် သူတစ်ဦးက ပြောသည်။

    “သူတို့က ငွေလာတောင်းတယ်၊ တစ်လကို ၅၀၀၀ ပေးရမယ်၊ သူတို့တပ်အတွက် ရန်ပုံငွေလို့ ပြောတာပဲ၊ မပေးမနေရ ပေးရမယ်ဆိုပြီး ပြောသွားတယ်၊ သူတို့ကလည်း သေနတ်နဲ့ ပါနဲ့ဆို ကျမတို့လည်း ကြောက်ကြောက်နဲ့ ပေးလိုက်ရတာပဲ” ဟု ၄င်းက ပြောသည်။

    အလားတူပင် ကရင်ပြည်နယ်အတွင်းရှိ မွန်ရွာတွေဖြစ်သည့် ကော့ဗိန်းကျေးရွာဘက်မှာလည်း နိုင်အောင်နိုင်တပ်ဖွဲ့မှ ဆပ်ကြေးတောင်းခံနေကြောင်း သိရသည်။

    ယခုကဲ့သို့ နိုင်အောင်နိုင်တပ်ဖွဲ့မှ မွန်ကျေးရွာအတွင်း ငွေတောင်းခံနေခြင်းအပေါ် မွန်သံဃာတော်များနှင့် မွန်လူငယ်များအကြား လိုလားမှုမရှိကြောင်း သံဃာတော်တစ်ပါးမှ မိန်ကြားခဲ့သည်။

    “အခုလို တောင်းနေတာ၊ ဘယ်လိုမှ သဘောမတူနိုင်ပါဘူး၊ လိုလဲ မလိုအပ်ပါဘူး၊ ဆက်ပြီး တောင်းနေရင် ဦးပုဇင်းတို့ မွန်ပြည်သစ်ပါတီ ဒါမှမဟုတ် ဒေသခံအာဏာပိုင်တွေဆီ စာတင်မှာပဲ”ဟု အဆိုပါ သံဃာတော်က မိန့်ကြားသည်။

    မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေးတပ်ဖွဲဲ့့ဦးဆောင်သော နိုင်အောင်နိုင်သည် မွန်ပြည်သစ်ပါတီ စစ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် ၄င်းတို့၏ တပ်တည်နေရာ ကော့ယက္ခကျေးရွာ၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်မှာ နာမကျန်းဖြစ်နေသည်ဟု သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks