Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု များပြားနေ

    မွန်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှု များပြားနေ

    -

    မိကျလွန်းထော

    မွန်ပြည်နယ် မော်လမြိုင်မြို့ဆေးရုံကြီးနှင့် ဆေးခန်းများတွင် ယခုဇွန်လအတွင်း သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားသူ အလွန်များပြားနေသည်။

    သွေးလွန်တုတ်ကွေးရောဂါမှာ ခလေးများသာမက လူကြီးများလည်း အဖြစ်များနေပြီး၊ အများအားဖြင့် မော်လမြိုင်မြို့၊ မုဒုံမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်မှာ အဖြစ်များနေသည်ဟု သိရသည်။

    “ကုတင်တောင် မလောက်ဘူး၊ အောက်မှာအိပ်နေတဲ့သူလည်း ရှိတယ်၊ ခလေးနဲ့ လူကြီးဆိုရင် ခလေးတွေမှာ အဖြစ်များနေတယ်၊ အချို့ဆိုရင် ဆေးရုံးတက်တာ ၂ ရက်လောက်နေပြီးတာနဲ့ သေသွားတာလည်းရှိတယ်” ဟု ဆေးရုံးတွင် လူနာစောင့်ခဲ့ရသူ မုဒုံမြို့နယ် အဘစ်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

    နေ့ခင်းဘက်မှာကိုက်တက်သော Aedes aegypti နှင့် Aedes Albopictus  ဟုခေါ်သည့် ခြင်အမျိုးအစားတွေကြောင့် သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားရကြောင်း၊ ၄င်းရောဂါမှာ ၂၀၁၀ ခုနှစ်စဝင်ကတည်းက စတင်ဖြစ်ပွားနေပြီး ရှေ့ဆက်ရောဂါဖြစ်ပွားဖွယ် ရှိသေးသည်ဟု မော်လမြိုင်မြို့တွင် ဆေးခန်းဖွင့်ထားသည့် ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    “ဒီနှစ်ဖြစ်တဲ့ သွေးလွန်တုတ်ကွေးက မနှစ်ကနဲ့ လုံးဝမတူဘူး၊ ကျွန်တော့ဆေးခန်းမှာလာပြနေတဲ့ သွေးလွန်တုတ်ကွေးလူနာဆိုရင် ပျှမ်းမျှအားဖြင့် အယောက် ၃ ထောင် ရှိနေပြီး၊ ၁၀ ရောက်ကို စစ်ကြည့်ရင် ၈ ယောက်က အဲဒီရောဂါပိုး တွေ့ရတယ်၊ ခါတိုင်းနှစ်မှာဆိုရင် ခလေးတွေအဖြစ်များတယ်၊ ဒီနှစ်က လူမရွေးဘူး၊ ခလေး အသက် ၁ နှစ်ကနေ လူကြီးပိုင်း အသက် ၃၈ နှစ်အထိက ဖြစ်နေကြတယ်၊ အခုဆိုရင် ဆေးရုံမှာလည်း နေစရာမရှိအောင် ဖြစ်နေတယ်လို့လည်း ဆေးခန်းလာတဲ့ လူနာတွေ ပြောနေတယ်၊ ကျွန်တော် ဆေးခန်းဖွင့်လာတာ အနှစ် ၂၀ ကျော်နေပြီး ဒီနှစ်လိုမျိုး ရောဂါဖြစ်တာ မမြင်ဖူးဘူး” ဟု ဒေါက်တာ မင်းစိုးလင်းက ပြောသည်။

    သံဖြူဇရပ်မြို့မှ အမျိုးသားတစ်ဦးကလည်း “ခလေးတွေ အဖြစ်များနေတယ်၊ ကျွန်တော့်အိမ်ဘေးက ခလေးငယ်တောင် တုတ်ကွေးဖြစ်လို့ ဆေးရုံတင်ထားရတယ်” ဟု ပြောသည်။

    သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားနေသည်ဟု မုဒုံမြို့နယ်မှ သားဖွားဆရာမ တစ်ဦးက ဆိုသည်။

    “မနှစ်က ဒီလောက်မဖြစ်ဘူး၊ ဒီနှစ်က နေရာဒေသတော်တော်များများက ဖြစ်နေတယ်၊ ကျမ နယ်ဆင်းတုန်းကလည်း နယ်ဘက်မှာ ခလေး၊ လူကြီးပါ ဖြစ်နေကြတယ်” ဟု ၄င်းက ပြောသည်။

    သွေးလွန်တုတ်ကွေးရောဂါမှာ ခလေးငယ်များ အသက် ၃ နှစ်မှ ၁၂ နှစ်အထိသာ ဖြစ်ပွားနေသည်ဟု မြန်မာစစ်အစိုးရ သတင်းစာတွင် ကြေငြာထားသောလည်း လက်တွေ့တွင် ခလေး၊ လူကြီး အသက်အရွယ် ပိုင်းခြားမရွေး တုတ်ကွေးရောဂါ ဖြစ်ပွားနေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks