Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရေခန်းခြင်းကြောင့် ရေလုပ်သားများ စီးပွားရေးအခက်ကြုံ

    ရေခန်းခြင်းကြောင့် ရေလုပ်သားများ စီးပွားရေးအခက်ကြုံ

    -

    မိကျလွန်းထော :

    ထိုင်းနိုင်ငံ စံခလပူရီမြို့နယ် ဝင်္ကရွာတွင် ရာသီဥတုကြောင့် ရွာလုံးကျွတ်သုံးစွဲနေသည့် ကန်အတွင်းရှိရေများ ယမန်နှစ်ထက် ခန်းခြောက်သွားသောကြောင့် ၄င်းကို အမှီပြုနေကြသည့် ဖောင်အိမ်များ၊ ရေလုပ်သားများ စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

    “ရေခန်းတာက ရာသီဥတုကြောင့်ဖြစ်တာပါ၊ ကျနော်တို့လို ရေမှာ လုပ်စားနေသူတွေအတွက်တော့ အခက်ခဲဖြစ်တာပေါ့၊ ရေခန်းသွားလို့ ရေအောက်က အဆူးအငုတ်တွေပေါ်လာတော့ ဖောင်အိမ်ငှားတဲ့လူလည်း မရှိတော့ဘူးပေါ့၊ အဲဒါကြောင့် အငှားဖောင်အိမ်တွေ ရေပေါ်စားသောက်ဆိုင်တွေ တွက်ခြေမကိုက်တော့တာပေါ့” ဟု ရေပေါ်အိမ်ဖြင့် ၂၄ နှစ်ကြာ အသက်မွေးဝမ်းကျောင်းပြုနေသူ ဦးချစ်ငွေက ပြောသည်။

    ရေအလွန်ခန်းခြောက်သွားသည့်အတွက် ကန်အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသူများ စက်ဖြင့် ရေပိုက်သွယ်ယူရန် အခက်အခဲဖြစ်သည့်အပြင် ရေစက်မရှိသူများအတွက် ပိုပြီး ဒုက္ခရောက်ရသည်ဟု စိုက်ခင်းသမားတစ်ဦးက ပြောသည်။

    ယခုလို ကန်ရေခန်းခြောက်ခြင်းမှာ လွန်ခဲ့သည့် ၆ နှစ်တွင် ခန်းခဲ့ဖူးသော်လည်း ယခုလို ဆိုးဆိုးရွားရွား ခန်းခြောက်ခြင်းမရှိသည့်အတွက် ရွာသားများ အံ့သြနေကြသည်။

    “အရင်က နွေပိုင်းဆိုရင် ရေခန်းတာတော့ ခန်းတယ်၊ ဒါပေမဲ့ ဒီလောက်ထိမဟုတ်ဘူး၊ အခု ခန်းတာက ရွာဟောင်းကိုတောင် လှမ်းမြင်နေရတယ်” ဟု ၄င်းရွာမှ မွန်အမျိုးသမီးတစ်ဦးက ပြောသည်။

    လွန်ခဲ့သော ၂၄ နှစ်က ကန်ချနပူရီခရိုင် ထောင်ဖာဖွန်မြို့ရှိ ထော့ခနွန်းဆည် (Srinakarin Dam) တည်ဆောက်သည့်အချိန်မှစ၍ ဆည်အောက်ပိုင်းနေ ဝင်္ကရွာ တစ်ရွာလုံး တောင်ထိပ်သို့ ပြောင်းရွှေ့လိုက်ရသည်။

    ပုံမှန်အားဖြင့် ခါတိုင်းနှစ် နွေပိုင်းရောက်သည့်အချိန်တွင် ကန်ရေအတွင်း ရေပမာဏ အနက် ၁၅ ပေခန့် ကျန်လေ့ရှိသော်လည်း၊ ယခုနှစ်မှာ အနက် ၈ ပေခန့်သာ ကျန်ရှိနေသည်ဟု ဦးချစ်ငွေက ပြောသည်။

    ဝင်္ကရွာသည် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် နီးစပ်ပြီး၊ ထိုင်းနိုင်ငံတွင် အရှည်ဆုံး သစ်သားတံတားရှိသည့် ရွာဟုလည်း ထင်ရှားသည်။ မွန်လူမျိုးအများစု နေထိုင်ကြပြီး၊ ကရင်နှင့် ထိုင်းလူမျိုးများလည်း နေထိုင်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks