Tuesday, March 10, 2026
More
    spot_img
    Homeသတင်းကောလဟာလ သတင်းတွေကြောင့် ရွာသားများ ထိတ်လန့်နေကြ

    ကောလဟာလ သတင်းတွေကြောင့် ရွာသားများ ထိတ်လန့်နေကြ

    -

    ဝီရမာဉ် – မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ဓါးပြ များလှုပ်ရှားနေသည် ကောလဟာလသတင်းကြောင့် ဒေသခံများ ရွာပြင်မထွက်မရဲကြဘဲ ထိန့်လန့်ကြောက်ရွံ့နေကြသည်။

    ရေးမြို့နယ်မြောက်ပိုင်းရှိ တူးမြောင်းရွာ၊ စုံနံသာရွာ၊ အရုတောင်ရွာ၊ အဗြိုင်ရွာနှင့် စုံပတောက်ကျေးရွာဒေသတဝိုက်ရှိ တောထဲတွင် ဓါးပြများလှုပ်ရှားနေသည့် သတင်းကြောင့် ဒေသခံများ တောမထွက်ရဲခြင်းကြောင့် ယခု ရာသီအလိုက်ထွန်းသော ခြံထွက်ပစ္စည်းများဖြစ်သည့် ကွမ်းသီး၊ သံပရာသီး၊ အခြားခြံထွက်သီးနှံများနှင့် ရာဘာများကို မလှီးနိုင်သောကြောင့် စားဝတ်နေရေး ငွေအကြးအခက်ကြုံနေရသည်ဟု ဒေသခံတို့က ပြောသည်။

    “ကြောက်တော့ ကြောက်နေကြတာပဲ ဘာကိုကြောင်းမှန်းတော့မသိဘူး၊ တချို့ကပြောတော့ လူလေးယောက် ဓားနဲ့ လှံနဲ့တဲ့၊ တချို့ကျတော့ ရှစ်ယောက်တွေ့တယ်၊ တချို့ပြောတာက အဲဒီအဖွဲ့ထဲမှာ မိန်းကလေးလည်းပါတယ်တဲ့ အမျိုးမျိုးတော့ပြောနေကြတာပဲ ဒာဲဒီသတင်းတွေကြောင့် ရာဘာခြံတောင်မသွားရဲကြတော့ဘူး” ဟု စုံနံသာရွာခံ ရာဘာခြံလုပ်သား အမျိုးသမီးတစ်ဦးက ပြောသည်။

    ထိုကောလဟာလသတင်းသည် လွန်ခဲ့သည့် ၁၀ ရက်ကျော်ကျော်ကပင် ပြန့်နှံ့နေပြီး ဒေသခံများလည်း အလုပ်ပျက်ကာ စားဝတ်နေရေးမှာ အခက်အခဲကြုံတွေ့နေကြသည်။ အကြောင်းကာ ထိုဒေသအတွင်းရှိ ဒေသခံများသည် ခြံလုပ်ကိုင်ခြင်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုနေကြသည်။

    “၁၀ ရက်ကျော်နေပြီး အစေးမလှီးရဲတာ တယောက်မှမသွားရဲတော့ ကိုယ်လည်းဘယ်သွားရဲမှာလည်း တခြံနဲ့တခြံကလည်း အလှမ်းဝေးတယ်၊ အော်ခေါ်တာတောင်မကြားဘူးဆိုတော့ ဘယ်သွားရဲမှာလည်း စားဖို့တော့ အခက်အခဲဖြစ်တယ် အခုလို အလုပ်မလုပ်ရတော့လေ” အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

    စုံနံသာရွာသည် ရေးမြို့၏မြောက်ဘက်ပိုင်းကျပြီး၊ ရေးမှ ခြောက်မိုင်ခန့်သွားရသည်။ ၄င်းရွာ၏ အရှေ့ဘက် သုံးမိုင်ခန့်အကွာမှာ အဗြိုင်ရွာရှိသည်။

    “ကျမတို့ရွာမှာကတော့ ညတိုင်း ကင်းစောင့်နေရတယ်၊ တစ်ရွာလုံးလည်း ပင်ပန်းနေကြပြီး” ဟု အဗြိုင်ရွာခံတစ်ဦးက ပြောသည်။

    ရွာလူကြီး၏ အမိန့်ဖြင့် အလှည့်ကျ တစ်အိမ်လျှင် တစ်ယောက် ညလုံးပေါက် ကင်းစောင့် နေရသည်။ ရွာသားများ ကင်းစောင့်နေရခြင်း၊ ကြောက်၍ အလုပ်လုပ်ရခြင်းကြောင်း တရွာလုံးနီးပါး ဒုက္ခရောက်နေကြသည်ဟု ၄င်းက ပြောသည်။

    ဤသတင်းနှင့် ဆက်စပ်ပြီး ယခုရက်ပိုင်းအတွင်း လူသတ်မှုသတင်းများ၊ ဆိုင်ကယ် လုရက်မှုသတင်းများ ဆက်တိုက်ကြားနေရခြင်းကြောင့် ဒေသခံများ ပိုမို ထိန့်လန့်နေကြကြောင်း ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks