spot_img
Wednesday, February 25, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုနှင့် ပြည်သူလူထုတို့၏ အခွင့်အရေး

    မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှုနှင့် ပြည်သူလူထုတို့၏ အခွင့်အရေး

    -

    ယနေ့ ကျွန်ုပ်တို့ ၏ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းဆီသို့ ဦးတည်လျှက် ရှိနေပေသည်။ ဒီမိုကရေစီစနစ်နှင့်အတူ လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်သည်လည်း ပေါ်ထွန်းလာမည် ဖြစ်ပေသည်။ နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် အလို့ ဌာ၊ ရင်းနှီးမြှပ်နှံမှုအများအပြားလည်း လိုအပ်နေမည်မှာ အမှန်ပင် ဖြစ်ပေသည်။

    ပြီးခဲ့သည့် နှစ်ပေါင်း (၅၀) ခန့် ကာလတွင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိတ်သုန်းခဲ့မှုကြောင့် ပြည်သူလူထုတို့ ၏ လွတ်လပ်စွာ ပြောဆို ရေးသား စုရုံးပိုင်ခွင့် အဖွဲ့ အစည်း ထူထောင်ပိုင်ခွင့်များလည်း ဆုံးရှုံးခဲ့ရပေသည်။ ယခု ဒီမိုကရေစီစနစ် အနည်းငယ် ပွင့်လင်း လာသည့်ကာလတွင် ပြည်သူလူထုအများအပြားမှာ မိမိတို့ ၏ မကျေနပ်မှု အများအပြားကို စတင် ဖော်ထုတ်စ ပြုလာပေသည်။ အထူးသဖြင့် လယ်ယာမြေများ သိမ်းဆည်းခံရခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ သံယံဇာတများ အလုအယက်ခံရခြင်း စသည့် ကိစ္စများအပေါ် နေ့ စဉ်နှင့်အမျှ ဆန္ဒပြနေပေသည်။

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်၏ အနှစ်သာရတခုဖြစ်သည့် ပွင့်လင်းသော လူအဖွဲ့ အစည်း ဖြစ်ပေါ်ရန် ပြည်သူလူထုများမှ လိုလားနေပေသည်။ ပြည်ထောင်စုပါလီမန်မှ ချမှတ်သည့် ဥပဒေများ၊ ပြည်နယ်/ တိုင်းဒေသကြီး ပါလီမန်နှင့် အစိ်ုးရမှ ချမှတ်သည့် လုပ်ငန်းများ၊ နိုင်ငံရေးပါတီများ၏ မူဝါဒများအပြင် မိမိဒေသအတွင်း မည်သည့်လုပ်ငန်းများကို မည်သည့် စီးပွားရေးလုပ်ငန်းရှင်များက လာရောက် လုပ်ကိုင်မည်၊ မည်သည့်စက်ရုံက အလုပ်သမား မည်မျှကို အလုပ်အကိုင်ပေးနိုင်မည် စသည့်အချက်အလက်များကို ပြည်သူလူထုက သိသင့်ပေသည်။

    ယနေ့ ကာလတွင်၊ ပြည်ထောင်စုလွတ်တော်မှ နိုင်ငံတကာ ရင်းနှံမြှပ်နှံမှု ဥပဒေကို ပြစုလျှက် ရှိပေသည်။ ထိုဥပဒေအများအပြားမှာ နိုင်ငံတကာကုမ္ပဏီများမှ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှပ်နှံမှု ဝင်လာရန် ဆွဲဆောင်မည့် ဥပဒေများ ဖြစ်ရန် ရေးဆွဲရပေသည်။ သို့ မှသာ နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှပ်နှံမှု ပြုလုပ်မည် ဖြစ်ပေသည်။

    မည်သို့ ပင်ဆိုစေ ရင်းနှီးမြှပ်နှံမှုများမှာ ပြည်သူလူထုများ အလုပ်အကိုင် ရရှိရေး စီးပွားရေးလုပ်ငန်း တိုးတက်ရေး ဆီသို့ ဦးတည်သင့်ပေသည်။ ပြည်သူလူထု အလုပ်အကိုင်နှင့် စားဝတ်နေရေး၊ ရပ်ရွာဒေသ၊ လူမှုရေး နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအား ဦးတည်သည့် အရင်းအနှီး မြှပ်နှံမှုနှင့် လုပ်ငန်းများ မဖြစ်သင့်ပေ။

    ဧရာဝတီမြစ်ဆုံရေကာတာဆည်၊ လက်ပန်းတောင် ကြေးနီစီမံကိန်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများကား ပြည်သူလူထု၏ ဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို အကြီးအကျယ် ပျက်စီးစေသည့် စီမံကိန်းများ ဖြစ်သည့်အတွက် အစိုးရမှ ပြန်လည်သုံးသပ်သင့်သည့် လုပ်ငန်းများ ဖြစ်ပေသည်။ 

    ရင်းနှီးမြှပ်နှံမှုကို ဖိတ်ခေါ်သည့် ဥပဒေအပြင်၊ ရင်းနှီးမြှပ်နှံမှုကြောင့် ဖြစ်ပေါ်လာမည့် လူမှုဘဝ ထိခိ်ုက်နစ်နာချက်များ၊ မိရိုးဖလာဓလေ့ထုံးတမ်းများ ပျက်စီးခြင်း နှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို ကာကွယ်သည့် ဥပဒေများကိုလည်း ပြည်ထောင်စုပါလီမန်မှ ပြဌာန်းသင့်ပေသည်။

    ဒီမိုကရေစီစနစ်၏ ပွင့်လင်းသည့် လူ့ အဖွဲ့ စည်းတွင် ပြည်တွင်းလုပ်ငန်းရှင် (သို့ မဟုတ်) ကမ္မဏီများမှ ရင်းနှီးမြှပ်နှံသည့် ကိစ္စတိုင်းကို ပြည်သူလူထုမှ သိပိုင်ခွင့် ရှိရမည်။ မိမိတို့ ၏ လူနေမှုဘဝနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သည့် မည်သည့်စီမံကိန်းကိုမဆို ပြည်သူလူထုမှ ဆန္ဒပြပိုင်ခွင့် ရှိရပေမည်။ ထိုသို့ သော အခွင့်အရေးကိုလည်း ပေးထားရမည် ဖြစ်ပေသည်။ အစိုးရမှလည်း ဒေသခံစီးပွားရေး လုပ်ငန်းရှင် သို့တည်းမဟုတ် နိုင်ငံတကာ အရင်းအနှီးမြှုပ်နှံသူများအပေါ် ဘက်လုပ်မှု မရှိစေပဲ၊ ပြည်သူလူထုနှင့် လုပ်ငန်းရှင်များအကြား ညှိနှိုင်းပေးရပေမည်။

    ဒီမိုကရေစီနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒသည် အဓိကကျပေသည်။ ထို့ အတူ နိုင်ငံတခု၏ ဖွံ့ ဖြိုးတိုးတက်မှုသည် ပြည်တွင်းလုပ်ငန်းရှင် (သို့ မဟုတ်) နိုင်ငံတကာ၏ ရင်းနှီးမြှပ်နှံမှုများတွင် များစွာ မူတည်နေပေသည်။ ထို့ ကြောင့် ပြည်သူလူထုနှင့် ရင်းနှီးမြှပ်နှံမှုများ ထိပ်တိုက်မဖြစ်စေရန် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်/ တိုင်းဒေသကြီး အစိုးရတို့ မှ အထူး ကြားဝင် ဖြေရှင်းသင့်ကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks