spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းမွန်နှစ်ပါတီ ဆိုင်းဘုတ်နှင့်အလံအတူတင်ကြပြီ

    မွန်နှစ်ပါတီ ဆိုင်းဘုတ်နှင့်အလံအတူတင်ကြပြီ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်တိုက်နယ်အဆင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP တို့သည် တစ်ရုံးတည်း၌ ဆိုင်းဘုတ်နှင့်အလံတင်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

    ကမာဝက်ကျေးရွာ၊ ရွာလယ်ပိုင်း ဓါတ်တော်ကျောင်းအနီး မူလကဖွင့်လှစ်ထားရှိသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရုံးအဆောက်အအုံတွင် ဒေသခံနှစ်ဖက်တိုက်နယ်အဆင့် ပါတီဝင်များညှိနှိုင်းမှုဖြင့် ရုံးဖွင့်လှစ်နိုင်ခြင်း ဖြစ်ကြောင်း မွန်ဒီမိုကရေစီပါတီတွဲဖက် အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။

    ၎င်းက “မွန်ဒီမိုကရေစီပါတီ ကမာဝက်တိုက်နယ်ရုံးဖွင့်ပွဲလုပ်တယ်၊ နှစ်ဖက်ပါတီဝင်တွေနဲ့ ဒေသခံတွေကို ရှင်းလင်းပွဲလုပ်ခဲ့တယ်၊ မွန်နှစ်ပါတီပေါင်းစည်းရေးသဘောတူညီချက်တွေကိုလည်း အသေးစိတ်ရှင်းပြခဲ့တယ်” ဟု ပြောသည်။

    အခမ်းအနားသို့ မွန်ဒီမိုကရေစီပါတီခေါင်းဆောင်များဖြစ်ကြသော နိုင်တင်အောင်၊ ဒေါက်တာမင်းကြည်ဝင်း၊ မွန်ရာဇာနှင့် နိုင်စိုးမြင့်တို့ ဦးဆောင်ခဲ့ကြပြီး ကမာဝက်ဒေသခံမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအဖွဲ့ဝင်နှင့် လူအင်အား ၂၀ဝ နီးပါးခန့်တက်ရောက်ခဲ့သည်ဟု သိရသည်။

    “ဒီလိုပါတီရုံးဖွင့်နိုင်ဖို့ လုပ်ထုံးလုပ်နည်းအရ မုဒုံမြို့နယ်ကော်မရှင်ကို ကြိုတင်အကြောင်းကြားပြီး ဖြစ်တယ်၊ ရုံးဖွင့်ပြီးမှပဲ ရုံးတစ်ရုံးမှာ ဘာလို့ဆိုင်းဘုတ်အတူထောင်ရသလဲဆိုတာကို မြို့နယ်ကော်မရှင်ကခေါ်မေးလာတယ်၊ ကျနော်တို့ကတော့ ဥပဒေမှာ ပါတီနှစ်ခုဒီလိုဆိုင်းဘုတ်အတူမတင်ရတာ မရှိဘူး၊ ဗဟိုကော်မရှင်နဲ့ ဆက်လက်ဖြေရှင်းသွားမယ်လို့ ပြောလိုက်တယ်” ဟု ဒေါက်တာ မင်းကြည်ဝင်းက ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့် မွန်ဒီမိုကရေစီပါတီ MDP နှစ်ပါတီတို့ ၂၀၁၄ ခု၊ ဒီဇင်ဘာလနောက်ဆုံးထား၍ တစ်ပါတီအဖြစ်ပေါင်းစည်းသွားရန် လွန်ခဲ့သည့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် နှစ်ပါတီခေါင်းဆောင်များ ပူးတွဲကြေညာချက်များထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

    ထို့အတူ ကမာဝက်တိုက်နယ်ရှိ ဒေသခံမွန်အမျိုးသားအရေးလှုပ်ရှားသူများ၊ ဗုဒ္ဓဘာသာနှင့် မွန်စာပေယဉ်ကျေးမှုကော်မတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဝင်များနှင့် မွန်ဒီမိုကရေစီပါတီဝင်များ ပါဝင်သည့် ကမာဝက်တိုက်နယ်၊ မွန်မျိုးချစ်အဖွဲ့ကို လွန်ခဲ့သည့်အောက်တိုဘာလ ၂၀ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး မွန်တိုင်းရင်းသားများအနေဖြင့် ညီညွတ်စုစည်း၍တစ်ခုတည်းသော နိုင်ငံရေးအမြင်ဖြင့် ဆက်လက်ရပ်တည်နိုင်ရေးအတွက် နှစ်ဖက်ပါတီခေါင်းဆောင်များ၏ သဘောတူညီချက်ကို တခဲနက်ထောက်ခံကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    “မွန် ၂ ပါတီစလုံးကို တစ်နေရာထဲမှာ ပါတီအလံနဲ့ ဆိုင်းဘုတ်တွေတင်ဖို့ ကျနော်တို့ဆုံးဖြတ်ချက် ချခဲ့တယ်၊ အဲဒီအတိုင်းအကောင်အထည်ဖေါ်နေတာ ဖြစ်တယ်၊ သူတို့(နှစ်ပါတီ) ကြေညာထားတဲ့အတိုင်း ၂၀၁၄ ဒီဇင်ဘာလကျလို့ မပေါင်းဖြစ်ရင်တော့ ကျနော်တို့တိုက်နယ်အနေနဲ့ လုံးဝဆန့်ကျင်သွားမယ်” ဟု ကမာဝက်တိုက်နယ်၊ မွန်မျိုးချစ်အဖွဲ့ဝင် လူငယ်တစ်ဦးက ပြောသည်။

    မွန်နှစ်ပါတီမပူးပေါင်းမီ ကြားကာလတွင် တစ်ရုံးတည်း၌ပူးတွဲဖွင့်လှစ်သွားရန် ဒေသခံများပြောဆိုတိုက်တွန်းမှုများ ရှိနေသည်။

    မွန်နှစ်ပါတီ ဆိုင်းဘုတ်နှင့်အလံတစ်နေရာတွင် အတူတင်ခြင်းသည် ကမာဝက်တိုက်နယ်တွင် မွန်နှစ်ပါတီပေါင်းစည်းရေးအတွက် ပထမခြေလှမ်းလှုပ်ရှားမှုတစ်ရပ် ဖြစ်သည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks