Homeသတင်းမန်တုန်-နမ္မတူကားလမ်းမကြီးသွားလာခွင့် ကေအိုင်အေပိတ်

မန်တုန်-နမ္မတူကားလမ်းမကြီးသွားလာခွင့် ကေအိုင်အေပိတ်

-

မင်းသုတ– အချိန်မရွေးတိုက်ပွဲဖြစ်နိုင်သောနယ်မြေဖြစ်နေသည့်အတွက် ပြည်သူလူထုများကိုမထိခိုက်စေလိုသဖြင့် မန်တုန်-နမ္မတူ မော်တော်ကားလမ်းမကြီးတလျှောက် သွားလာမှုများကို ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)က ပိတ်ပင်လိုက်ပြီဟု သိရသည်။

မေလ (၂၆) ရက်နေ့ နံနက်ပိုင်းမှစ၍ ၄င်းလမ်းမကြီးတွင် ခရီးသွားလာမှုများမရှိတော့ကြောင်း တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး TSYO အထွေထွေအတွင်းရေးမှူး မိုင်အောင်ကိုကပြောသည်။

“ကျနော်တို့ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမန်တုံမြို့နယ်နဲ့ နမ္မတူ၊ လာရှိုးမြို့ကြီးတွေကိုဆက်သွယ်တဲ့လမ်းကြောင်းဖြစ်တယ်၊ နေ့တိုင်းခရီးသည်တင်ကားတွေ၊ မော်တော်ဆိုင်ကယ်တွေအမြဲတမ်းအသုံးပြုနေရတဲ့လမ်းကြောင်း ဖြစ်တယ်” ဟု မိုင်အောင်ကိုက ဆက်ပြောသည်။

အဆိုပါလမ်းကြောင်းတလျှောက်ရှိ မော်တော်ယာဉ်ဂိတ်များထံ ကေအိုင်အေတပ်ဖွဲ့က လမ်းပိတ်သည့်အကြောင်းစာကို ရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။

“မန်တုန်နဲ့ နမ္မတူကားလမ်းမှာ ကေအိုအေ တပ်ရင်း ၃၄ နဲ့ ၃၈ တို့လှုပ်ရှားနယ်မြေဖြစ်တယ်၊ ရွှေဂက်စ်ပိုက်လိုင်းဖြတ်သွားတဲ့ဒေသလည်း ဖြစ်တယ်၊ တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်၊ ကေအိုင်အေက အခုလမ်းပိတ်ထားပြီ” ဟု ကချင်သတင်းဌာန KNG အယ်ဒီတာချုပ် ကိုနော်ဒင်းက ပြောသည်။

ယခုလလယ်ပိုင်းတွင် TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် မြန်မာအစိုးရတပ်မှအကျအဆုံးများခဲ့သဖြင့် ခရီးသွားပြည်သူများအား ကြမ်းတမ်းစွာစစ်ဆေးနေကြောင်း TSYO မှပေးပို့သော သတင်းအချက်အလက်အရ သိရသည်။

ယခုလ ၂၀ရက်နေ့တွင် မန်တုံ-နမ့်ဆန်လမ်းပိုင်းတွင် ကျောက်မဲအခြေစိုက် မြန်မာအစိုးရတပ်ရင်း ခမရ (၅၀၁) စစ်ကြောင်းမှ ဆိုင်ကယ်ဖြင့်ခရီးသွားနေသောရွာသားနှစ်ဦးကိုသေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ တစ်ဦးမှာ ဦးခေါင်းထိမှန်ကာပွဲချင်းပြီးသေဆုံးခဲ့သည်ဟု TSYO မှသိရသည်။

လမ်းပိတ်ရသည့်အဓိကအကြောင်းရင်းမှာ ကေအိုင်အေအနေဖြင့် ၄င်းဒေသကို စစ်ပွဲဇုံနယ်မြေအဖြစ်သတ်မှတ်ထားပြီး အစိုးရများမဝင်ရောက်နိုင်ရန် ခုခံကာကွယ်ခြင်းဖြစ်ကြောင်း ကေအိုင်အေနှင့်နီးစပ်သူများထံမှ သိရသည်။

သမ္မတဦးသိန်းစိန်မှ ၂၀၁၂ ဒီဇင်ဘာလတွင် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သို့ အကြောင်းကြားစာ ပေးပို့ပြီး ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများအဆုံးသတ်ရန်ညွှန်ကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာအစိုးရစစ်တပ်မှ ထိုးစစ်များဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သတင်းဌာနများက ဆက်လက်ဖေါ်ပြနေသည်။

ကေအိုင်အိုသည် မြန်မာစစ်အစိုးရ(နဝတ) လက်ထက် ၁၉၉၄ ခု ဖေဖေါ်ဝါရီလတွင် အပစ်အခတ်ရပ်စဲမှုသဘောတူညီခဲ့ကြပြီး နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရန် ဖိအားပေးလာသဖြင့် တင်းမာမှုဖြစ်ပွားခဲ့ရာ၂၀၁၁ ဇွန်လတွင် နှစ်ဖက်အကြားတိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts