spot_img
Wednesday, October 22, 2025
More
    spot_img
    Homeသတင်းအပြောင်းအလဲကာလမှာ ညီညွတ်စွာ ရုန်းကန်သွားကြရန် မွန်ပြည်သစ်ပါတီကြေညာချက်ထုတ်

    အပြောင်းအလဲကာလမှာ ညီညွတ်စွာ ရုန်းကန်သွားကြရန် မွန်ပြည်သစ်ပါတီကြေညာချက်ထုတ်

    -

    မင်းသုတ – လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် ဒီမိုကရေစီနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပေါ်ထွန်းစေနိုင်သည့် အပြောင်းအလဲကာလဖြစ်နေသဖြင့် လူမျိုးစုံပြည်သူတိုင်း ညီညွတ်စွာ ရုန်းကန်သွားကြရန် မွန်ပြည်သစ်ပါတီက တိုက်တွန်းလိုက်သည်။

    ဖေဖော်ဝါရီ ၈ ရက်နေ့တွင် ကျရောက်သည့် ၆၅ ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီမှ ထိုကဲ့သို့ ကြေညာချက်ထုတ်ပြန်ပြီး မွန်အပါအဝင် တိုင်းရင်းသား ပြည်သူတွေကို နှိုးဆော်တိုက်တွန်းထားသည်။

    “ကျနော်တို့က ငြိမ်းချမ်းရေးကိုအမှန်တကယ်တည်ဆောက်လိုတယ်၊ တပြည်လုံးအပစ်ရပ်စဲပြီး လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေတပေါင်းတစည်းတည်းနဲ့ နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းရပါမယ်” ဟု ထိုင်းနိုင်ငံအခြေစိုက်သတင်းထောက်များနှင့် တွေ့ဆုံမေးမြန်းချက်တွင် မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောသည်။

    မကြာခင်က အစိုးရနှင့် အပစ်ခတ်ရပ်စဲရေးအတွက် ပဏာမသဘောတူထားချက်များနှင့် ပတ်သက်ပြီး လာမည့် ဗဟိုကော်မတီအစည်းအဝေးမှာ အစိုးရနှင့် တရားဝင်အတည်လက်မှတ်ထိုးနိုင်ဖို့ သုံးသပ်သွားမည်ဟုလည်း နိုင်ထောမွန်က ပြောသည်။

    ယခုလိုအခြေအနေမျိုးတွင် မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး စုစည်းစွာနှင့် ရုန်းကန် တိုက်ပွဲဝင်သွားကြမည်ဆိုပါက အာဏာနှင့် ပြည့်စုံသည့် မွန်ပြည်နယ်အပါအဝင် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကို ပစ္စုပ္ပန်ကာလမှာ အမှန်တကယ် ဖော်ဆောင်နိုင်လိမ့်မည်ဟုလည်း ဖော်ပြထားသည်။

    ၄င်းပြင် အစိုးရသစ်၏ အပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာမှုအပေါ်တွင် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန်နှင့် အခွင့်အရေးကောင်းများ လက်လွတ်မသွားရန်အတွက် သတိဝိရိယနှင့် စုပေါင်းကြိုးပမ်းသွားကြရန် လိုအပ်ကြောင်းလည်း ပြောထားသည်။

    ၆၅ ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီကဲ့သို့ပင် ပြည်ပနိုင်ငံအသီးသီးရှိမွန်အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိမွန်အဖွဲ့အစည်းတို့ကလည်း အပစ်ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး အမြန်ဖေါ်ဆောင်ရန်လိုကြောင်းလည်း ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။

    “အစိုးရနဲ့ မွန်ပြည်သစ်ပါတီတို့ အပစ်ရပ်စဲရေးအတွက် ဒီလအတွင်း အတည်ပြုလက်မှတ်ရေးထိုးနိုင်လိမ့်မယ် ကျနော်ယူဆတယ်၊ မွန်အမျိုးသားနေ့ ထုတ်ပြန်ကြေညာချက်ကိုသုံးသပ်ကြည့်ရင် တွေ့ရှိနိုင်ပါတယ်” ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီသည် (၁) နှစ်ဦးနှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ (၂) ပြည်ထောင်စုအဆင့် ငြိမ်ချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နှင့်နေရာတို့ကို ညှိုနှိုင်းရန်၊ (၃) ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ) ထားရှိရန်၊ (၄) သတ်မှတ်နေရာမှအပ အခြားဒေသသို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်၊ (၅) နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရန် စသည့်အချက်များနှင့် ပြည်နယ်အဆင့် အစိုးရနှင့် ပဏာမသဘောတူထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,600SubscribersSubscribe
    spot_img

    Latest posts