Homeသတင်းဘုရားသုံးဆူ-သံဖြူဇရပ်လမ်းတလျှောက် ကားစတင်ပြေးဆွဲခွင့်ရ

ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းတလျှောက် ကားစတင်ပြေးဆွဲခွင့်ရ

-

ဂျူရီချိုင်း – ထိုင်-မြန်မာနယ်စပ် ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တို့မှ ယနေ့ ကားများစတင်ပြေးဆွဲခွင့်ပြုလိုက်ပြီးဖြစ်သည်။

“ဒီနှစ်ကားပြေးဆွဲခွင့်ရဖို့အတွက် နှစ်စဉ်ကြေးကို ကျွန်းချောင်းမှာရှိတဲ့ ကေအဲန်ယူတွေကို ကျနော်တို့ ဒီနေ့ သွားပေးတယ်” ဟု ဘုရားသုံးဆူမြို့ရှိ ကားသမားတဦးက ပြောသည်။

၂၀၁၂ ခုနှစ်၊ နှစ်စဉ်ကြေးအတွက် ကားတစီးလျှင် ထိုင်းဘတ်ငွေ ၁၁၃၀၀ ဖြင့် နယ်မြေခံကေအဲန်ယူတပ်မဟာ (၆) ထံ ပေးဆောင်ပြီးမှသာ ကားပြေးဆွဲခွင့်ရကြောင်း အဆိုပါ ကားသမားက ပြောသည်။

ယမန်နှစ်တွင် နှစ်စဉ်ကြေးကို ကားတစီးလျှင် ထိုင်းဘတ်ငွေ ၁၀၃၀၀ နှင့် ဆန်တအိတ်နှုန်းဖြင့် ကေအဲယူတို့က ကောက်ခံခဲ့သည်။

မိုးရာသီကာလအတွင်း အသုံးပြုခဲ့သည့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး ရေလမ်းခရီးကို ဒီဇင်ဘာ ၆ ရက်နေ့မှစ၍ ကေအဲန်ယူတို့မှ ပိတ်သွားမည်ဖြစ်ကြောင်း ကေအန်ယူနှင့်နီးစပ်သည့် ကားသမားတဦးက ပြောသည်။

ကားများစတင်ပြေးဆွဲနေပြီးဖြစ်သည့်အတွက် ဘုရားသုံးဆူ-သံဖြူဇရပ်သို့ရောက်ရှိရန် ကားခ ခရီးသည်တဦးလျှင် ကျပ်ငွေ ၅ သောင်းကောက်ခံနေပြီး ဆိုင်ကယ်ဖြင့် တဦးလျှင် ငွေကျပ် ၆ သောင်း ကောက်ခံနေသည်ဟုလည်း သူကပြောသည်။

ယခုနှစ်အတွက် ဘုရားသုံးဆူ-သံဖြူဇရပ် ကားလမ်းတလျှောက်တွင် ဖြတ်ကျော်ဝါးတားဂိတ်ပေါင်း ၃၃ ဂိတ်ရှိကြောင်း ကားသမားအသိုင်းအဝိုင်းက ပြောသည်။

ထိုဂိတ်များတွင် နယ်မြေခံအစိုးရတပ်ရင်း၊ ရဲ၊ ပြည်သူ့စစ်၊ လဝက စသည့်လက်နက်ကိုင်ဝန်ထမ်းများ၊ အပစ်ရပ်စဲထားသည့် ဒီကေဘီအေ၊ အပစ်ရပ်ပျက်ပြယ်ခဲ့သည့် မွန်ပြည်သစ်ပါတီ၊ ကေအဲန်ယူတပ်ဖွဲ့များနှင့် သံဖြူဇရပ်မြို့အဝင်တွင်လည်း စစ်တပ်၊ ရဲ နှင့် ဝန်ထမ်းပေါင်းစုံ-စုပေါင်းဂိတ်အသီးသီးတို့က ၄င်းတို့စိတ်ကြိုက်ဂိတ်ကြေးသတ်မှတ်ကာ တရားဝင်ကဲ့သို့ ကောက်ခံနေခြင်းဖြစ်သည်။

ထိုင်းနယ်မြေနှင့်ထိစပ်နေသည့် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်ကားလမ်းအထိ မိုင် ၆၀ နီးပါး ကွာဝေးပြီး လမ်းမပေါ်တလျှောက် သုံးပုံနှစ်ပုံခန့်မှာ ကေအဲန်ယူတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများဖြစ်သည်။

ဆက်စပ်သတင်း

2 COMMENTS

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts