Friday, March 13, 2026
More
    spot_img
    Homeသတင်းရိုးရာလက်လုပ်ရွှေတူးသမားများ ဖမ်းဆီးထောင်ချခံနေရဟု KDNG ပြော

    ရိုးရာလက်လုပ်ရွှေတူးသမားများ ဖမ်းဆီးထောင်ချခံနေရဟု KDNG ပြော

    -

    ရိုင်မရော့ – ဧရာဝတီမြစ်ဆုံ ရွှေတူးဖော်ရေးလုပ်ငန်းဒေသအတွင်းရှိ အသေးစား ရိုးရာလက်လုပ် ရွှေတူးသမားများကို ဒေသခံမြန်မာအာဏာပိုင်တို့က ဖမ်းဆီးရိုက်နှိက်ပြီး ထောင်ချမှုပြုနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က ပြောသည်။

    မြစ်ဆုံဒေသရှိ ရွှေကျင်တူးဖော်ရေးလုပ်ငန်းများ
    မြစ်ဆုံဒေသရှိ ရွှေကျင်တူးဖော်ရေးလုပ်ငန်းများ

    အကြီးစားသတ္တုတူးဖော်ရေးလုပ်ငန်း၏ စွန့်ပစ်ပြီးဖြစ်သော အဆိပ်သင့်မြေဇာပုံများတွင် ရွှေထပ်မံရှာဖွေနေသည့် ဒေသခံ ၁၁ ဦးကို အောက်တိုဘာ ၂၇ ရက်နေ့က ဖမ်းဆီးလိုက်ပြီး ထောင်ချလိုက်သည်ဟု KDNG ပြောသည်။

    “အဖမ်းခံရတဲ့ ၁၁ ယောက်က မြစ်ကြီးနား အမှတ် (၁) ရဲစခန်းမှာ ချုပ်နှောင်ထားတယ်၊ ခုထိတော့ မလွတ်လာသေးဘူး၊ အရင်က အဖမ်းခံရတဲ့လူတွေကျတော့ ပြန်ရွေးခိုင်းတာရှိတယ်” ဟု KDNG မှ အနန်က ပြောသည်။

    အဖမ်းခံရသူများသည် ရွှေ့ပြောင်းရေးစခန်းတွင် နေထိုင်နေကြသည့် ဒေသခံများဖြစ်ပြီး သူတို့မိသားစု စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ကလေးများ၏ ပညာရေးအခြေအနေအတွက် အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟု ၄င်းက ပြောသည်။

    အဖမ်းခံထားရသည့် လက်လုပ်ရွှေတူးသမားများကို စေလွှတ်ပေးရန် ဒေသခံပြည်သူတို့က ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ ပန်ကြားစာပေးပို့ထားကြသော်လည်း မည်သည့်တုန့်ပြန်မှုမှ မရှိသေးပေ။

    ဧရာဝတီမြစ်ကြောင်းပေါ်ရှိ တည်ဆောက်ရန် စီစဉ်ထားသည့် ဆည် ၇ ခုတွင် တခုအပါအဝင်ဖြစ်သည့် မြစ်ဆုံဆည်လမ်းကြောင်း ပြုလုပ်ရန်အတွက် ဒေသခံများ လယ်ယာမြေ အသိမ်းခံရပြီး အောင်မြင်သာစခန်းသို့ အတင်းအဓမ္မ ပြောင်းရွှေ့ခံရကာ ယခုကဲ့သို့ ရွှေတူး လုပ်ကိုင်ခြင်းသည် ၄င်းတို့၏ အဓိက ဝင်ငွေ အလုပ်တခုဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖေါ်ပြပါရှိသည်။

    မြစ်ဆုံဒေသရှိ ရွှေတူးဖော်ရေးလုပ်ငန်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် မြစ်ကြီးနား အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၏ အမိန့်အရ အစိုးရဦးဆောင်လုပ်ကိုင်သည့် အကျိုးတူဖက်စပ်လုပ်ငန်းများမှ ဝန်ထမ်းများသာ ရွှေတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ထားသည်။

    ၄င်းပြင် မြစ်ဆုံဒေသရှိ အသေးစား လက်လုပ်ရွှေကျင်သမားများအပါအဝင် ဒေသခံများနှင့် စီးပွားရေးပိုင်ရှင်များအားလုံး အောက်တိုဘာ ၁၀ ရက်နေ့ထက် နောက်မကျစေပဲ သတ်မှတ်ထားသည့် စီမံကိန်းနေရာမှ ထွက်ခွာပေးရမည်ဖြစ်သည်။

    ထိုကဲ့သို့ အမိန့်ထုတ်ထားပြီး လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားဖြစ်ကြောင်းလည်း အာဏာပိုင်တွေက ဒေသခံများထံစာဖြင့် အသိပေးထားသည်။

    “လက်လုပ်ရွှေတူးတဲ့ ဒေသခံတွေကို ဖမ်းဆီးပြီးတဲ့နောက်မှာ ဘယ်သူမှ သွားမလုပ်ရဲကြတော့ဘူး၊ ဒေသခံတွေက အဲဒါကိုပဲ လုပ်နေကြတာလေ ဒီလိုလုပ်တော့ သူတို့အတွက်တော့ အခက်အခဲရှိတာပေါ့” ဟု မြစ်ကြီးနား ဒေသခံတဦးက ပြောသည်။

    မြစ်ဆုံဒေသအတွင်း စက်များဖြင့် ရွှေတူးဖော်မှုများ ကျယ်ပြန့်ကြီးထွားလာခြင်းနှင့် ရိုးရာလက်လုပ်ရွှေကျင်သူများအား ဖမ်းဆီးခြင်းသည် လက်ရှိအစိုးရ၏ မူ၀ါဒဖြစ်သော သဘာ၀ပတ် ၀န်းကျင်ထိန်းသိမ်းရေးအတွက် မြန်မာနိုင်ငံရှိ မြစ်များတွင် အကြီးစား ရွှေတူးဖော်မှုများကို ပိတ်ပင်တားမြစ်ထားသည့် မူ၀ါဒကို တိုက်ရိုက်ဆန့်ကျင်နေကြောင်းလည်း KDNG က ပြောထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks