spot_img
Thursday, November 27, 2025
More
    spot_img
    Homeသတင်းစျေးနှုန်းကျဆင်းနေပြီးမိုးများလည်းရွာသွန်းနေသောကြောင့် မွန်ပြည်နယ်ဆားလုပ်ငန်းထိခိုက်

    စျေးနှုန်းကျဆင်းနေပြီးမိုးများလည်းရွာသွန်းနေသောကြောင့် မွန်ပြည်နယ်ဆားလုပ်ငန်းထိခိုက်

    -

    မင်းသုတ – မွန်ပြည်နယ်တွင် နေလှမ်းဆားကြမ်းစျေးနှုန်းများနိမ့်ကျနေပြီး မိုးများလည်းဆက်တိုက်ရွာသွန်းနေသောကြောင့် ဆားကွင်းများကိုမပြုပြင်နိုင်သေးသဖြင့် ယခုနှစ်ဆားထုတ်လုပ်မှုကျဆင်းထိခိုက်နိုင်ကြောင်း ဆားလုပ်ငန်းရှင်က ပြောသည်။

    ထိုင်းနိုင်ငံဆားများ မြဝတီလမ်းမှတဆင့်ပြည်တွင်းသို့တင်ပို့နေပုံ
    ထိုင်းနိုင်ငံဆားများ မြဝတီလမ်းမှတဆင့်ပြည်တွင်းသို့တင်ပို့နေပုံ

    “ခါတိုင်းနှစ်တွေဆိုရင် ခုလိုတော်သလင်းလမှာ ဆားကွင်းတွေလုပ်ငန်းစတင်နေပါပြီ၊ အခုကတော့ ဘယ်သူမှ လုပ်ငန်းမစရသေးဘူး၊ မိုးတွေဆက်တိုက်ရွာနေတုန်းပဲ၊ ဒီနှစ်ဆားအထွက်နောက်ကျပြီး အထွက်နှုန်းလည်းနည်းပါလိမ့်မယ်” ဟု သံဖြူဇရပ်မြို့နယ်၊ ပငရွာမှဆားလုပ်ငန်းရှင် နိုင်တင်အောင်က ပြောသည်။

    မွန်ပြည်နယ်ဆားထွက်ရာဒေသများတွင် ပုံမှန်အားဖြင့် စက်တင်ဘာလတွင် မိုးရာသီကြောင့် ပျက်နေသောဆားကွင်းများကို ပြန်လည်ပြင်ဆင်လေ့ရှိပြီး ဒီဇင်ဘာလတွင် နေလှမ်းဆားကြမ်းများစတင်ထွက်ရှိသည်ဟု သိရသည်။

    “လက်ရှိဒီကဆားကြမ်းစျေးကလည်း တစ်ပိဿာ ၆၅ ကျပ်ပဲရှိတော့တယ်၊ ထုတ်လုပ်မှုစရိတ်ကလည်း တစ်ပိဿာအတွက် ၆၀ ကျပ်နီးပါးကုန်နေတယ်၊ ကြားမှာအချိန်အခါမဟုတ်တဲ့မိုးတွေရွာလာရင် ဆုံးရှုံးမှုတွေ ထပ်ရှိလာနိုင်တယ်၊ ဒါကြောင့် ဒီနှစ်ဆားလုပ်ငန်းရှင်တော်တော်များ အကြပ်ရိုက်နေတယ်” ဟု နိုင်တင်အောင်က ပြောသည်။

    ဆားဖိုပိုင်ရှင်တစ်ဦးအနေဖြင့် လက်ဝယ်တွင်ငွေကျပ်သိန်းတစ်ရာမရှိပါက ယခုအချိန်တွင် ဆားလုပ်ငန်းကို လုပ်ကိုင်နိုင်မည်မဟုတ်ကြောင်း၊ အစိုးရထံမှအတိုးနှုန်းသက်သာစွာရရှိရန် ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းမှ ကြိုးပမ်းနေကြောင်း သူက ဆက်ပြောသည်။

    ထို့အပြင် နာဂစ်ကာလအပြီးတွင် မွန်ပြည်နယ်မှဆားကြမ်းများကို တနင်္သာရီတိုင်းနှင့် စစ်တောင်းစက္ကူစက်ရုံတို့မှ ဝယ်ယူခြင်းမရှိသည့်အပြင် ကျိုက်ထိုမြို့အထိ ရန်ကုန်ဆားများ ဝင်ရောက်ခြင်း၊ ထိုင်းနိုင်ငံဆားများလည်း ဝင်ရောက်နေသည့်အတွက် တစ်နှစ်ထွက်ဆားများထက်ဝက်ခန့်သာ ရောင်းချနိုင်သည့်အနေအထားရှိသဖြင့် ယခုအတိုင်းဆက်သွားပါက မွန်ပြည်နယ် ဆားလုပ်ငန်းပျောက်ကွယ်နိုင်ကြောင်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို၌ ပြုလုပ်ခဲ့သော ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းအစည်းအဝေးတွင် အမှုဆောင်တစ်ဦး တင်ပြဆွေးနွေးခဲ့သည်ကို ယနေ့ထုတ် Bi Weekly Eleven ဂျာနယ်က ဖေါ်ပြသည်။

    မွန်ပြည်နယ်တွင် နေလှမ်းဆားထုတ်လုပ်သည့်ဧက ၃၀၀၀ ကျော်ရှိရာ ယမန်နှစ်တွင်နေလှမ်းဆား မက်ထရစ်တန်ချိန် ၂၇၈၀၀ ခန့်ထုတ်လုပ်နိုင်ခဲ့သည်ဟု အထက်ပါဂျာနယ်ဖေါ်ပြချက်အရ သိရသည်။

    မွန်ပြည်နယ်တွင် သံဖြူဇရပ်မြို့နယ်တွင် ဆားအများဆုံးထွက်ရှိပြီး စက်စဲနှင့်ပငကျေးရွာများတွင် သတ္တုတွင်းဝန်ကြီးဌာနလက်အောက်ခံ ဆားလုပ်ငန်းဦးစီးဌာနများရှိသည့်အပြင် ပုဂ္ဂလိကဆားကွင်းဆားဖိုများလည်းရှိသည်။ ထို့အပြင် ဝဲဂလောင်း၊ အံခဲရွာများနှင့် ရေးမြို့နယ်နှစ်ကရင်ကျေးရွာနှင့် ပလိုင်ကီးကျေးရွာများတွင်လည်း ပုဂ္ဂလိကနေလှမ်းများ ထုတ်လုပ်ခဲ့ကြသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts