spot_img
Wednesday, January 15, 2025
More
    spot_img
    Homeသတင်းကျောက်မီသွေးလျှပ်စစ်စီမံကိန်းထောက်ခံလက်မှတ် စုံစမ်းဖော်ထုတ်မည်

    ကျောက်မီသွေးလျှပ်စစ်စီမံကိန်းထောက်ခံလက်မှတ် စုံစမ်းဖော်ထုတ်မည်

    -

    ရေးမြို့နယ်၊ ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင် တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး ဓါတ်အားပေးစက်ရုံကို လိုလားသူအချို့က စီမံကိန်း ထောက်ခံလက်မှတ်များ ကောက်ခံရာတွင် မမှန်ကန်မှုများ ဖြစ်ပေါ်နေသည့်အတွက် ယင်းကိစ္စကို စုံစမ်းဖော်ထုတ်သွားမည်ဟု ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) က ပြောသည်။

    YSS ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းက “လိမ်လည်ကောက်ခံခဲ့တဲ့ကိစ္စကို ဖော်ထုတ်သွားမယ်၊ ကွင်းဆင်း စုံစမ်းဖို့ ရှိတယ်၊ သက်သေ အထောက်အထား အပြည့်အစုံနဲ့ ပြန်လည်တင်ပြသွားဖို့ ရှိပါတယ်” ဟု ပြောသည်။

    ဇန်နဝါရီလကုန်ပိုင်းနှင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် စီမံကိန်း လိုလားသူအချို့က ထောက်ခံလက်မှတ်များကို ရေးမြို့နယ် အတွင်း တိတ်တဆိတ် လိုက်လံကောက်ခံခဲ့ပြီး ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန်နှင့် ပတ်သက်၍ တစုံတရာ ပြောကြား ခဲ့ခြင်း မရှိကြောင်းလည်း ထောက်ခံစာရင်းတွင် ပါဝင်သူအချို့တို့က ပြောသည်။

    ရေးမြို့ အောင်မေတ္တာကွက်သစ်နေ ဒေါ်မြင့်ဦးက “သူတို့တွေ လက်မှတ်လာကောက်တုန်းကတော့ လျှပ်စစ်မီးရမယ်၊ ကျောက်မီးသွေးစက်ရုံ ဆောက်ဖို့ မပြောဘူး၊ ကျွန်မခေါင်းပဲ ညိတ်လိုက်တယ်၊ သန်းခေါင်စာရင်း ယူကြည့်တယ်၊ ပြီးတော့ သူတို့ဘာသာ သူတို့ လက်မှတ်ထိုးသွားကြတယ်၊ ခုမှ ကျောက်မီးသွေးစက်ရုံ ထောက်ခံကြောင်း လက်မှတ်လို့ သိလိုက်ရတာ” ဟု ပြောသည်။

    ၎င်းပြင် စက်ရုံစီမံကိန်းကို ထောက်ခံကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ သမ္မတရုံးသို့ လိပ်မူကာ တင်ပြခဲ့ရာတွင် တာဝန်ယူတင်ပြသူ ၄ ဦး၏ နေရပ်လိပ်စာကို အံဒင်ကျေးရွာဟု ထည့်သွင်းဖော်ပြထားသော်လည်း ၂ ဦးမှာ အံဒင်ရွာခံများ မဟုတ်ကြောင်း YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောသည်။

    သူက “ရေးမြို့၊ အောင်မေတ္တာကွက်သစ်မှာ နေထိုင်တဲ့ သူတွေနဲ့ ရွှေပြည်သာကျေးရွာက သူတွေပါ။ နိုင်ငံတော် သမ္မတ

    သမ္မတရုံးသို့ လိပ်မူတင်ပြစာ(Copy)
    သမ္မတရုံးသို့ လိပ်မူတင်ပြစာ(Copy)
    အဆင့်ထိတောင် မိမိရဲ့ လိပ်စာတွေကို ခုလိုလိမ်လည် တင်ပြတာဟာ ပြစ်မှုတစ်ခုပါပဲ” ဟု ပြောသည်။

    သမ္မတရုံးသို့ ပေးပို့စာတွင် “ရေးမြို့နယ် အံဒင်ကျေးရွာတွင် အဆင့်မြင့် နည်းပညာဖြင့် (Toyo Thai) ဂျပန်အဆင့်မြင့်ကုမ္ပဏီမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ခြင်းဖြင့် ဒေသခံများအတွက် လျှပ်စစ်မီးလုံလောက်မှုနှင့် ငွေကုန်ကြေးကျနည်းသည့်အပြင် ဒေသဖွံ့ဖြိုးမှုနှင့် ပတ်သက်သော အလုပ်လက်မဲ့ ပြဿနာကိုလည်း ဖြေရှင်းနိုင်သည့်အပြင် (USE) အဆင့်မြင့် နည်းပညာဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ကျန်းမာရေးအန္တရာယ်ကိုလည်း အာမခံချက်ဖြင့် တည်ဆောက်ခြင်းကို ပူးတွဲပါ ဒေသခံ အမည်စာရင်းပေါင်း (၆၂၆၅) အင်အားဖြင့် ထောက်ခံကြောင်း သက်ဆိုင်ရာအဆင့်ဆင့်သို့ လူဦးရေ အမည်စာရင်းပါ အားလုံး ပူးတွဲတင်ပြအပ်ပါသည်” ဟု ပါရှိသည်။

    ဒေသခံဟု ဆိုရာတွင် အံဒင်ရွာခံ ဆယ်ဂဏန်းမျှသာ ပါဝင်ပြီး၊ စီမံကိန်း တည်နေရာနှင့် အလှမ်းဝေးသည့် ရေးမြို့နယ် တောင်ပိုင်း၊ မြောက်ပိုင်းရှိ ကျေးရွာ ၁၈ ရွာတွင် ကောက်ခံထားမှုများ ရှိကြောင်း ပူးတွဲပေးပို့ချက်တွင် တွေ့ရှိရသည်။

    အံဒင်ဒေသခံ လူငယ်တစ်ဦး ဖြစ်သည့် မိနီမာဦး က “လက်မှတ်တွေ ဘယ်လိုပဲတက်တက်၊ ကျွန်မတို့ကတော့ ဆက်လက်ကန့်ကွက်သွားရမှာပဲ။ အံဒင်ရွာမှာ ကန့်ကွက်တဲ့သူတွေက ၉၅ ရာနှုန်း ရှိတယ်” ဟု ပြောသည်။

    ၂၀၁၄ နှစ်ကုန်ပိုင်းတွင် ဖာလိန်ဒေသရှိ ဆရာတော်များ ဦးဆောင်မှုဖြင့် ကန့်ကွက်လက်မှတ်များ ကောက်ခံစဉ်က အိမ်ခြေ ၅၀ဝ ကျော် ရှိသည့် အံဒင်ကျေးရွာတွင် ၁၅ အိမ်ခန့်မှ လွဲ၍ ကျန်အိမ်များအားလုံး ကန့်ကွက်လက်မှတ်များ ထိုးခဲ့ကြသည်ဟု အံဒင်ဘုန်းတော်ကြီးကျောင်း စာချဆရာတော် အရှင်နန္ဒက မိန့်သည်။

    အမေရိကန်ဒေါ်လာ သန်း ၂၇၀ဝ ရင်းနှီး မြှုပ်နှံကာ လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ် ထုတ်မည့် အံဒင်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံကို အံဒင်ကျေးရွာ အပါအဝင် ဖာလိန်ဒေသမှ ဒေသခံများ၊ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ (YSS) နှင့် မွန်ပြည်သစ်ပါတီတို့က ကန့်ကွက်သည့် သဘောထားများ ထုတ်ပြန်ထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts