Tuesday, March 10, 2026
More
    spot_img
    Homeသတင်းNCCT ခေါင်းဆောင်များ UPWC နှင့် အလွတ်သဘောလာရောက်တွေ့ဆုံ

    NCCT ခေါင်းဆောင်များ UPWC နှင့် အလွတ်သဘောလာရောက်တွေ့ဆုံ

    -

    နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာ ဦးဆောင်သည့် အဖွဲ့တို့သည် ယမန်နေ့က နေပြည်တော်ရှိ သမ္မတရုံးတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်း ဦးဆောင်သည့် UPWC အဖွဲ့နှင့် အလွတ်သဘော လာရောက် တွေ့ဆုံခဲ့သည်။

    မြန်မာငြိမ်းချမ်းရေးစင်တာMPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက “ထူးခြားတာကတော့ ခါတိုင်းဆိုရင် ဦးအောင်မင်းကပဲ ချင်းမိုင်းမှာ လာလာတွေ့နေရတယ်၊ အခုတော့ ယုံကြည်မှုတွေရှိလာတယ်၊ နားလည်မှုတွေ ရလာတော့ ဒီတစ်ခေါက် NCCT ဘက်က နေပြည်တော်ဘက်ကို တစ်ခေါက်လာညှိတဲ့သဘောပါပဲ” ဟု ဆိုသည်။

    ယင်းသို့ အလွတ်သဘောတွေ့ဆုံမှုတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် စက်တင်ဘာလတွင် မပြီးဆုံးသေးသည့်အချက်များကို ဆွေးနွေးပွဲတွင် မည်သို့ဆောင်ရွက်ရမည့် အချက်များကို ညှိနှိုင်းခဲ့ကြာင်း၊ ယခုလကုန်ပိုင်းတွင် NCCT နှင့် UPWC ထပ်မံတွေ့ဆုံနိုင်ရန် ပွင့်လင်းစွာ ညှိနှိုင်းခဲ့ကြောင်း၊ ယခုအလွတ်သဘောတွေ့ဆုံမှုတွင် ဆုံးဖြတ်ချက်တစ်စုံတရာ ချမှတ်နိုင်မည်ဟုတ်ကြောင်း ၎င်းက ဆက်ပြောသည်။

    “ဒီတစ်ခေါက်တွေ့ဆုံမှုရလာဒ်ကတော့ ယုံကြည်မှုတွေပိုရလာတယ်၊ နှစ်ဖက်လုံးအတွက် ချဉ်းကပ်ရမယ့်နည်းလမ်းတွေ ရလာကြတယ်၊ အလွတ်သဘောဖြစ်တဲ့အတွက် ပွင့်လင်းမှုရှိပြီး အချက်အလက်တွေ နှစ်ဖက်လုံး ရကြတယ်” ဟု ဦးလှမောင်ရွှေက ဆိုသည်။

    NCCT ခေါင်းဆောင် နိုင်ဟံသာကလည်း အခက်အခဲများကြောင့် တွေ့ဆုံဆွေးနွေးပွဲ ခေတ္တရပ်ထားရသည့် အနေအထားဖြစ်သည့် အတွက် ယခုကဲ့သို့ အလွတ်သဘောလာရောက်တွေ့ဆုံခြင်းဖြင့် နည်းလမ်းရှာဖွေရန်နှင့် နှစ်ဖက်ရရှိထားသည့် အချက်အလက်များကို မျှဝေရန် လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း ပြောသည်။

    “အဓိကကတော့ ဆွေးနွေးပွဲ ပြန်စဖို့အတွက်ကို နည်းလမ်းရှာတာပါပဲ၊ လကုန်လောက်ဖြစ်နိုင်မယ် ရက်အတိအကျတော့ မသတ်မှတ်ရ သေးဘူး၊ ကျနော်တို့ NCCT မှာ အစည်းအဝေးပြန်ထိုင်ရပါဦးမယ်၊ နောက်တစ်ခေါက် တွေ့ဆုံပွဲမှာ အပြီးသတ်နိုင် ဖို့ကတော့ တစ်ဖက် က ဘယ်လောက်ပြောင်းလဲမှုရှိမှာလည်းဆိုတဲ့ အပေါ်မှာပဲ မူတည်နေပါတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ယမန်နေ့အလွတ်သဘောတွေ့ဆုံမှုတွင် NCCT ဘက်မှ ခေါင်းဆောင် နိုင်ဟံသာ၊ ခွန်ဥက္ကာ၊ ဆလိုင်းထာဟေးနှင့် ဦးထွန်းဇော်တို့ ပါဝင်ပြီး UPWC ဘက်တွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးဝင်းထွန်း ၊ဦးခင်ရီ၊ ဦးသန်းဌေးအဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

    ပြီးခဲ့သည့် စက်တင်ဘာလတွင်ကျင်းပခဲ့သော NCCT နှင့် UPWC တို့၏ ၆ ကြိမ်မြောက် ဆွေးနွေးပွဲအပြီး အောက်တိုဘာလတွင် ထပ်မံတွေ့ဆုံရန် သဘောတူထားသော်လည်း အဆင်မပြေမှုများစွာ ရှိခဲ့သည့်အတွက် မတွေ့ဆုံနိုင်ခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks