Friday, March 20, 2026
More
    spot_img
    Homeသတင်းကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းဆာဗေး မွန်ပြည်နယ်အစိုးရခွင့်မပြု

    ကျောက်မီးသွေးသုံးလျှပ်စစ်စီမံကိန်းဆာဗေး မွန်ပြည်နယ်အစိုးရခွင့်မပြု

    -

    မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာ၌ Toyo-Thai Corparation Co.Lid ကုမ္ဗဏီမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ

    တည်ဆောက်ရေးစီမံကိန်း ဖြစ်မြောက်နိုင်မှု လေ့လာရေး Feasibility Survey အား ဆောင်ရွက်ခွင့်မပြုတော့ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းတွင် မွန်ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ နိုင်ကျင်ဖေက “လောလောဆယ်မှာ ဒီစက်ရုံက ဖြစ်နိုင်ချေ တိုင်းတာမှု လုပ်ငန်းစဉ်တွေနဲ့ပက်သက်ပြီးတော့ ကျနော်တို့ ခွင့်မပြုတော့ပါဘူး၊ သူတို့က အစီအစဉ်တွေဆွဲပြီး စလုပ်ထားတာဆိုတော့ ရှေ့ဆက်လုပ်မယ် မလုပ်ဘူးဆိုတာကလည်း မသေချာပါဘူး၊ ကျနော်တို့ မွန်ပြည်နယ်လွှတ်တော်အနေနဲ့ကတော့ ပြည်သူတွေရဲ့ ဆန္ဒကို လိုက်လံဖြည့်ဆည်းပေးဖို့ပါပဲ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ဖြစ်မြောက်နိုင်မှုလေ့လာရေး Feasibility Survey ဆောင်ရွက်ချက်အား ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ကာလကုန်ဆုံးသွားပြီဖြစ်၍ ဆက်လက်ဆောင်ရွက် ခွင့်မပြုတော့ကြောင်း မော်လမြိုင်ခရိုင် အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနနှင့် ရေးမြို့နယ်အုပ်ချူပ်ရေးဦးစီးဌာနသို့ ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့တွင် မွန်ပြည်နယ်အစိုးရက အကြောင်းကြားစာ ပို့ခဲ့ကြောင်း သိရသည်။

    “ကျမတို့ဆီကို စက်ရုံနဲ့ ပတ်သက်ပြီး ဆက်လုပ်ခွင့်မပြုတဲ့စာတွေရောက်လာပါတယ်၊ စာထဲမှာက စက်ရုံအတွက် စစ်ဆေးတဲ့အချိန်ကုန်ဆုံးသွားလို့ ဆက်လုပ်ခွင့်မပြုတော့တာပါ၊ ပြီးခဲ့တဲ့လတုန်းကလည်း ဒီနားက ပင်လယ်မှာ လာရောက်စစ်ဆေးတဲ့သုတေတနအဖွဲ့တွေ တွေ့နေရပါတယ်၊ အခုလောလောဆယ်မှာ စက်ရုံဆောက်လုပ်မှု လုပ်ငန်းစဉ်တွေ ရပ်ဆိုင်းနေတာကိုလည်း တွေ့နေရပါတယ်၊ ရှေ့ဆက်ဘာဆက်လုပ်သွားမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး”ဟု အံဒင်ကျေးရွာဒေသခံ မိစိုက်စွမ်း က ပြောသည်။

    အဆိုပါ Toyo Thai ကုမ္ဗဏီက ဓါတ်အားပေးစက်ရုံတည်ဆောက်ပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ဆက်သွယ်၍ သမ္မတရုံး ခွင့်ပြုချက်ရရှိရန် သြဂုတ်လ အစောပိုင်းက တင်ပြတောင်းဆိုထားကြောင်း သိရသည်။

    Toyo Thai ကုမ္ဗဏီက ၎င်းတို့တည်ဆောက်မည့် စက်ရုံနှင့် ပတ်သက်သည့် အချက်အလက်များကို ရေးမြို့နယ်၊ ဖာလိန်တောင်ဒေသရှိ အံဒင်ကျေးရွာ၌ ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ကုမ္ဗဏီတာဝန်ရှိသူများက ၎င်းတို့၏ ၁၂၈၀ မဂ္ဂဝါပ်ထွက်ရှိမည့် ကျောက်မီးသွေးစက်ရုံအကြောင်း ဒေသခံ ပြည်သူလူထုများကို ရှင်းပြပေး မှုများလည်း ရှိခဲ့သည်။

    အဆိုပါ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာ Ultra Super Critical နည်းပညာကိုအသုံးပြုမည် ဖြစ်ပြီး ကမ္ဘာ့စံချိန်စံညွန်းနှင့် ဂျပန်နိုင်ငံစံညွန်းထက် သာလွန်သည်ဟု အဆိုပါကုမ္ဗဏီမှ တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းပြပေးမှုများရှိခဲ့၍ ရင်းနှီးမြုပ်နှံမှု တန်ဖိုးမှာ ဒေါ်လာသန်း ၂၇၀ဝ ခန့်ဖြစ်ပြီး BOT စနစ်အားဖြင့် နှစ် ၃၀ ခန့် ရင်းနှီးသွားမည်ဖြစ်မည့် စီမံကိန်းဖြစ်သည်။

    အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေး ရွာနှင့် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီအနီးအနားရှိ ဒေသများတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်းအတွက် ပြည်ပကုမ္ဗဏီတို့၏ ကမ်းလှမ်းခံရမှုများလည်းရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks