spot_img
Friday, January 16, 2026
More
    spot_img
    Homeအယ်ဒီတာ့အာဘော်စိုးရိမ်ဖွယ်ရာ မြန်မာ့မီဒီယာ

    စိုးရိမ်ဖွယ်ရာ မြန်မာ့မီဒီယာ

    -

    နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေဖြင့် တရားစွဲဆိုခံထားရသော ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးကို မြန်မာအစိုးရက ပြီးခဲ့သည့်ဇူလိုင်လ ၁၀ ရက်နေ့တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

    ပြီးခဲ့သည့်ဇူလိုင်လ ၇ ရက်နေ့ သမ္မတဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်းပြောဆိုချက်တွင် “နိုင်ငံတော် လုံခြုံရေးအတွက် အန္တရာယ်ပေးလာပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်” ဟု မြန်မာ့မီဒီယာလောကသားများအား သတိပေးခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ယင်းကဲ့သို့ ပြစ်ဒဏ်များချမှတ်လာခြင်း ဖြစ်သည်။

    “ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း M.D.C.F ထုတ်ပြန်” သတင်းရေးသားခဲ့သော အပတ်စဉ်ထုတ် “BI မွန်းတည့်နေ”ဂျာနယ် အယ်ဒီတာ ၃ ဦးအပြင် သတင်းထောက် ကိုမင်းဝဿန် တို့ကိုလည်း ရဲသတင်းအထူးတပ်ဖွဲ့ SB က ဇူလိုင်လ ၈ ရက်နေ့ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

    အမှန်စင်စစ် အပြစ်ရှိသည်ဟုယူဆခံရသူအား ပွင့်လင်းမြင်သာသည့် နေ့ခင်းပိုင်းအတွင်း အလွယ်တကူလာရောက် ဖမ်းဆီးခေါ်ဆောင်နိုင်သော်ငြား လူမမြင်နိုင်သည့်ညအချိန်တွင် ဖမ်းဆီးခြင်း၊ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မိသားစုများသိခွင့်မပြုခြင်း၊ သီးသန့်စစ်ကြောစခန်းအတွင်း နှိပ်စက်မေးမြန်းဝန်ခံခြင်း စသည့်အစိုးရအာဏာပိုင်တို့လုပ်ဆောင်ချက်များမှာ ဒီမိုကရေစီကျင့်စဉ်ညီမညီ ပြန်လည်ဆန်းစစ်ဖို့ လိုပေသည်။

    ထို့အပြင် ယခုလဆန်းပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မန္တလေးမြို့ပဋိပက္ခဖြစ်စဉ်သတင်းယူသူ သတင်းထောက်များအား ပစ်မှတ်ထားတိုက်ခိုက်ဖို့ ဓာတ်ပုံနှင့်တကွဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်ပေါ်တင်ပြီး လှုံ့ဆော် ခြိမ်းခြောက်နေမှုများကို အစိုးရက အရေးယူဆောင်ရွက်ခဲ့ခြင်းမရှိပါ။

    ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ရှိ သတင်းတပ်ဖွဲ့က ပြီးခဲ့သည့်ဇွန်လနှောင်းပိုင်းတွင် ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများကို ခေါ်ယူမေးမြန်းမှုများ ပြုလုပ်လာပြီး သတင်းမီဒီယာများ၏ လက်ရှိ ဝန်ထမ်းအင်အား၊ ထုတ်ဝေသည့် စာနယ်ဇင်း စောင်ရေအရေအတွက်၊ စီးပွားရေးအရ အရှုံးအမြတ်များကို မေးမြန်းခဲ့ရာတွင် မည်သည့်အမိန့်ဥပဒေပါ ညွှန်ကြားချက်၊ မည်သို့သောလုပ်ထုံးလုပ်နည်းအရ၊ မည်သူ၏ညွှန်ကြားချက်အမိန့်အရ တရားဝင် officially အကြောင်းကြားစာ ပေးပို့ခဲ့ခြင်းမရှိဘဲ အထက်၏ စေခိုင်းချက်အရဟုပြောဆိုပြီး တိကျခိုင်မာသောအကြောင်းပြချက် တစုံတရာမပေးနိုင်ခဲ့ပေ။

    မည်သို့ပင်ဖြစ်စေ ဦးသိန်းစိန် လက်ထက်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုသည်ကို အစိုးရအနေဖြင့် စကားလုံးအဖြစ် သုံးနေသော်လည်း သတင်းထောက်၊ အယ်ဒီတာများအား ဖမ်းဆီးအရေးယူခဲ့ရာတွင် ချမှတ်သော ပြစ်ဒဏ်နှင့် ပြစ်မှုလုံးဝမျှတမှုမရှိသည်ကို ရှုမြင်မိပေသည်။

    ယင်းကဲ့သို့ မီဒီယာသမားများအား အတောမသတ်နိုင်အောင် တရားစွဲထောင်ချပြီး လက်စွမ်းပြနေခြင်းကြောင့် မြန်မာ့မီဒီယာသမားများ၏ အနှိပ်ကွပ်ခံဖြစ်စဉ်ဆိုးများသည် ယခင်စစ်အစိုးရလက်ထက်ပုံစံအတိုင်း စိုးရိမ်ဖွယ်အခြေအနေများတွင်သာ တည်ရှိနေဆဲဖြစ်ပါကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီက သုံးသပ်မိပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts