အေမီအောင် – လူမျိုးအမည်သတ်မှတ်ချက်များနှင့် ပတ်သက်၍ အငြင်းပွားမှုများဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူပြီး နောက်ပိုင်း နိုင်ငံသားစိစစ်ရေး ကတ်များတွင် လူမျိုးနှင့်ဘာသာ ဖော်ပြချက်များကိုထည့်သွင်း ဖော်ပြတော့မည်မဟုတ်သည့်ပြောကြားချက်အား မွန်တို့လက်မခံနိုင်ဟု မွန်ပြည်သစ်ပါတီ ဒု ဥက္ကဌ နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာ က “လူမျိုးနဲ့ဘာသာဖျောက်ဖျက်ပစ်မှာကို လက်မခံနိုင်ဘူး၊ ကျနော်တို့ တခြားဘာသာဝင် တခြားတိုင်းရင်းသားတွေကလည်း လက်ခံနိုင်မှာ မဟုတ်ပါဘူး၊ ဘယ်လူမျိုးမဆို ကိုယ့်လူမျိုး ကိုယ်ချစ်ကြတာကြီးပဲ၊ ကိုယ်လူမျိုး ကိုယ့်ဘာသာ မပျောက်ပျက်အောင် တလေးတစားနဲ့ ထိန်းသိမ်းကြတာပါပဲ” ဟု ပြောသည်။
မူလခေတ်အဆက်ဆက်ကျင့်သုံးလာခဲ့သည့် လူမျိုး၊ ဘာသာသတ်မှတ်ချက်များ ဖျောက်ဖျက်သည့်လုပ်ရပ်အား သူ့အနေဖြင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ၊ UNFC အထွေထွေအတွင်းရေးမှူး၊ NCCT အဖွဲ့ခေါင်းဆောင်၊ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့်လည်းကောင်း မည်သို့မျှ လက်မခံနိုင်၊ ဤနည်းသာအတိုင်းသာ မိမိတို့လုပ်ချင်သည့်အတိုင်း ဆက်လုပ်နေမည်ဆိုလျှင် တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော်ကြီး တည်ဆေက်နိုင်မည်မဟုတ်ဟု ဆက်ပြောသည်။
မွန်ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာမင်းကြည်ဝင်း က “လူမျိုးအမည် မထည့်ဘဲဖျောက်ဖျက်မယ်ဆိုရင် ကျနော်တို့မွန်တွေလုံးဝ လက်မခံပါဘူး၊ လူမျိုးအမည်သတ်မှတ်ချက်က သိပ်အရေးကြီးတယ်၊ ဘယ်သူမှ နစ်နာမှုမရှိအောင် လုပ်ဖို့လိုတယ်” ဟု ပြောသည်။
မတ်လတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက နိုင်ငံသားကတ်ပြားအသစ်ပြုလုပ်ရာတွင် လက်ရှိ ထည့်သွင်းထား သည့် လူမျိုးနှင့် ဘာသာဟူသည်ကို မထည့်သွင်းတော့ရန် ရည်ရွယ်ထားသည်ဟု ဖေဖော်ဝါရီ ၁ဝ ရက်နေ့ ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပသည့် ၂ဝ၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားခဲ့သည်။
ဦးခင်ရီက “သန်းခေါင်စာရင်းကောက်ပြီးသွားရင် လက်ရှိ ပြဿနာဖြစ်နေတဲ့ ဘာသာ၊ လူမျိုးကိစ္စတွေ နည်းသွားအောင် မှတ်ပုံတင်မှာ အားလုံးမြန်မာပေါ့။ ဘာသာ၊ လူမျိုးဆိုတာတွေကို ထည့်မလုပ်အောင် ကျွန်တော် အကြံပြုထားပါတယ်” ဟု ရှင်းလင်းပွဲတွင် ပြောကြားသည်ကို မီဒီယာများတွင် ဖေါ်ပြခဲ့သည်။
ထို့အပြင် ဦးခင်ရီ က“ ၁၉၃၁ ခုနှစ် ဗြိတိသျှ လက်ထက်က သန်းခေါင်စာရင်း ကောက်ခဲ့တာလူမျိုး (၁၃၅) မျိုးရှိတယ်ဆိုတာ သူတို့လုပ်ခဲ့တယ်၊ ၁၃၅ မျိုးရှိရမယ်လိုကျနော်မဆိုလိုဘူး၊ အဲတာကို အခြေခံပြီး လူမျိုးဘယ်နှစ်မျိုးရှိတယ်ဆိုတာတိကျတဲ့အဖြထွက်ရန် သန်းခေါင်စာရင်းကောက်ယူတာဖြစ်တယ်” ဟု BNI အမျိုးသမီးသတင်းထောက်များနှင့် နေပြည်တော်တွင်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။