Thursday, March 12, 2026
More
    spot_img
    Homeသတင်းတစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ခက်ခဲနေဦးမည်ဟု နိုင်ဟံသာပြော

    တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ခက်ခဲနေဦးမည်ဟု နိုင်ဟံသာပြော

    -

    UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ(IMNA)
    UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ(IMNA)
    မင်းသုတ – လက်ရှိဆောင်ရွက်လျက်ရှိသော အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့၏ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကိစ္စများ အခက်အခဲများစွာ ရှိနေသေးသည်ဟု မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် နိုင်ဟံသာက လူထုတွေ့ဆုံပွဲတစ်ရပ်၌ ရှင်းလင်းပြောကြားခဲ့သည်။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ မွန်စာပေယဉ်ကျေးမှုခမ်းမ၌ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲမိန့်ခွန်းတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

    “တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကျနော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်တွေကို အစိုးရကိုယ်စားလှယ်တွေဆီ တရားဝင်ပေးပို့ ထားပြီးပါပြီ၊ အစိုးရစစ်တပ်ဘက်က လက်မခံနိုင်တဲ့အချက်တွေပါရှိနေတယ်လို့ဆိုပြီး ဆွေးနွေးပွဲတွေအချိန်ယူရဦးမယ်လို့ ပြောလာတယ်” ဟု နိုင်ဟံသာက ပြောသည်။

    သူ့အပြောအရ တိုင်းရင်းသားလက်နက်ကိုင်များ ပြည်ထောင်စုတပ်မတော်အတွင်းပါဝင်ခွင့်ရှိရေးတွင် လက်ရှိမြန်မာ့တပ်မတော်၏ ရပ်တည်ချက်များနှင့် အလှမ်းဝေးနေသေးသည်ဟု ဆိုသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ရယူထားခြင်း သည် အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေးရယူထားခြင်းသာဖြစ်၍ ဥပဒေဘောင်အတွင်း အပြည့်အဝ ဝင်ရောက်လာအောင် ထာဝရငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း” လည်း ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းခန်းမ၌ ပြု လုပ်သော နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သင်တန်းခန်းမ၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

    “ပြည်ထောင်စုထဲမှ ပေါက်ဖွားလာသော တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုတပ် မတော်ဖြစ်၍ ပြည်ထောင်စုစိတ်ဓာတ်ထားရှိမွေးမြူပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထိထိရောက်ရောက် ဆောင်ရွက်ရန်နှင့် တပ်မတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို မှန်မှန်ကန်ကန် အသိတရားရှိရှိဖြင့် လေးစားလိုက်နာကြရန် လိုအပ်ကြောင်း” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း ပြောကြားချက်ကို မီဒီယာများက ဖေါ်ပြခဲ့သည်။

    နိုင်ဟံသာက “ကျနော်တို့ တိုင်းရင်းသားတွေလည်း အမိမြေကိုကာကွယ်ဖို့ တာဝန်ရှိပါတယ်၊ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသားတပ်ဖွဲ့တွေပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ကို မဖြစ်မနေတည်ထောင်ဖို့လိုအပ်တယ်” ဟု ပြောသည်။

    အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိ်နှိုင်းဆောင်ရွက်ရေးအဖွဲ့NCCT တို့ တစ်ပြည်လုံးအတိုင်းအတာ ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးနိုင်ရန် မတ်လပထမအပတ်တွင် ရန်ကုန်မြို့၌ တွေ့ဆုံညှိနှိုင်းကြမည်ဟု သိရသည်။

    တိုင်းရင်းသားလက်နက်အဖွဲ့ ၁၇ ဖွဲ့သည် ပထမအကြိမ် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ ပထမအကြိမ် ညီလာခံကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ် လိုင်ဇာ၌ ပြီးခဲ့သည့် နိုဝင်ဘာလတွင်၄င်း၊ ဒုတိယအကြိမ်ညီလာခံကို ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ် လော်ခီးလာ၌ ဇန်နဝါရီလတွင်၄င်း ကျင်းပခဲ့ရာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးမူဘောင်များ သဘောတူညီမှုများ ရရှိထားပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks