spot_img
Saturday, September 13, 2025
More
    spot_img
    Homeသတင်းတပ်ရိက္ခာစပါး ဝယ်ယူရန် တင်ဒါ ခေါ်ရာတွင် မွန်ပြည်နယ် ပါဝင်

    တပ်ရိက္ခာစပါး ဝယ်ယူရန် တင်ဒါ ခေါ်ရာတွင် မွန်ပြည်နယ် ပါဝင်

    -

    မင်းတော်လဝီ – ၂၀၁၃-၂၀၁၄ ခုနှစ် တပ်မတော်ရိက္ခာအတွက် ဧည့်မထ အမျိုးအစား စပါးကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တင်ဒါစနစ်ဖြင့် ဝယ်ယူမည့် အစီအစဉ်တွင် မွန်ပြည်နယ်ရှိ (၁၀) မြို့နယ်လုံးကို စပါးဝယ်ယူမည့် ဒေသများအဖြစ် ထည့်သွင်းထားကြောင်း အစိုးရထုတ် သတင်းစာတွင် ဖော်ပြထားသည်။

    မွန်ပြည်နယ်ရှိ စပါးကွင်းတစ်နေရာ
    ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ သတ်မှတ်သည့် နေရာအလိုက် တင်ဒါစနစ်ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဝယ်ယူတော့မည် ဖြစ်သည်။

    “စပါးဝယ်မည့် ပြည်နယ်နဲ့ တိုင်းဒေသကြီး (၈) ခုထဲမှာ မွန်ပြည်နယ်အတွင်းက (၁၀) မြို့နယ်လုံးကို တပ်ရိက္ခာ ဝယ်ယူမယ့် စာရင်းမှာ ပါနေတာ” ဟု မော်လမြိုင်မြို့က ဆန်ကုန်သည်တဦးက ပြောသည်။

    တပ်မှ ပေးသည့် ဈေးနှုန်းသည် ပေါက်ဈေးထက် နိမ့်နေခြင်း၊ လယ်သမားများ တပ်အထိ သွားရောက်ပို့ဆောင်ရန် ခက်ခဲခြင်းကြောင့် မော်လမြိုင်ခရိုင် (၆) မြို့နယ်တွင် တပ်ရိက္ခာ စပါးဝယ်ယူရန် လွယ်ကူမည် မဟုတ်ကြောင်း မုဒုံမြို့မှ စပါးကုန်သည် တဦးက ပြောသည်။

    “မနှစ်ကဆို ဒီလိုရပ်ထဲရွာထဲ လိုက်ဝယ်မရတဲ့အဆုံးမှာ ဒေသထဲက ကုန်သည်တွေကို ဝယ်ခိုင်းပြီး တပ်ကို တင်ဒါစနစ်နဲ့ သွင်းနေတာ ရှိတယ်” ဟု ၎င်းက ပြောသည်။

    သို့သော် သထုံခရိုင် ပေါင်မြို့နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများမှာ တပ်ရိက္ခာစပါး ဝယ်ယူပါက ရောင်းပေးမည့် လယ်သမားများ ရှိပြီး၊ အထူးသဖြင့် မုတ္တမမြို့ အခြေစိုက် တပ်ရင်းများမှ လာရောက် ဝယ်ယူကြသည်ဟု ပေါင်မြို့နယ် ထန်းပင်ချောင်ရွာမှ လယ်ပိုင်ရှင် မိခိုင်မြင့်က ပြောသည်။

    “မနှစ်က လာဝယ်တော့ ထန်းပင်ချောင်ရွာက ရောင်းပေးတာ ရှိတယ်။ ကောက်စောစပါး တင်း (၁၀ဝ) ကို သုံးသိန်းခွဲ ဈေးနဲ့ပါ၊ ဒီနှစ်ဈေးကိုက်ရင် ရောင်းပေးရမှာပေါ့” ဟု သူမက ပြောသည်။

    တပ်ရိက္ခာစပါး ဝယ်ယူရေးကို အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကဲ့သို့ စိုက်ဧကများပြီး စပါးထွက် များပြားသည့် နေရာများတွင် ဝယ်ယူလေ့ ရှိပြီး ပဲခူတိုင်း သနပ်ပင်မြို့နယ်၊ ဝေါမြို့ နယ်၊ ကဝမြို့နယ်မှ တဆင့် ကုန်သည်များက ဝယ်ယူကာ တပ်ရင်းကို တင်ဒါစနစ်ဖြင့် သွင်းရသည်ဟု မုဒုံမြို့နယ် မြန်မာ့လယ်ယာထွက်ကုန် ရောင်းဝယ်ရေးမှ တာဝန်ရှိ ဝန်ထမ်းတဦးက ပြောသည်။

    ကိုယ်တိုင် စပါးစိုက်ပျိုး ထုတ်လုပ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ စပါးတင်း (၁၀ဝ) နှင့် အထက် ရောင်းချပေးသွင်းနိုင်သည့် တောင်သူများအနေဖြင့် တိုင်းစစ်ဌာနချုပ်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းများနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ရောင်းချပေးသွင်းနိုင်ကြောင်း သိရသည်။

    တပ်ရိက္ခာစပါး ဝယ်ယူရန် တင်ဒါခေါ်ယူသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်၊ ရှမ်းပြည်နယ် အရှေ့၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေု့၊ ပဲခူးတိုင်းဒေသကြီးအနောက်တို့ ဖြစ်သည်။

    ပေးသွင်းရမည့် စပါးအရေအတွက်၊ စပါးအရည်အသွေး သတ်မှတ်ချက်၊ ပေးသွင်းရမည့်နေရာ၊ ပေးသွင်းရမည့်ကာလ စသည့် အသေးစိတ် အချက်အလက်များနှင့် တင်ဒါပုံစံတို့အား အထက်ပါ နေရာများရှိ တိုင်းစစ်ဌာနချုပ်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များတွင် စုံစမ်းနိုင်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts