spot_img
Tuesday, July 29, 2025
More
    spot_img
    Homeသတင်းကော့လှိုက်ကျွန်းကမ်းပါးပြိုသဖြင့် ကိုင်းသမားများ မြေယာမဲ့ဘဝကြုံတွေ့

    ကော့လှိုက်ကျွန်းကမ်းပါးပြိုသဖြင့် ကိုင်းသမားများ မြေယာမဲ့ဘဝကြုံတွေ့

    -

    မင်းတော်လဝီ – ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာအနီးရှိ ကော့လှိုက်ကျွန်းကမ်းပါးရေတိုက်စားသဖြင့် မြေပြို၍ နှစ်စဉ်စိုက်ပျိုးနေသော ဒေသခံကိုင်းသမားများ မြေယာမဲ့ဘဝသို့ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ဒေသခံများက ပြောသည်။

    ကော့လှိုက်ကျွန်းတည်နေရာကို Google Earth မှမြင်တွေ့ရပုံ (Google Earth)
    ပြီးခဲ့သည့် သြဂုတ်လအတွင်း မိုးရာသွန်းမှုများပြီး သံလွင်မြစ်ရေမြင့်တက်တိုက်စားမှုကြောင့် ကျွန်းမြေပြိုမှုဖြစ်ပွားခဲ့သည်ဟု ကော့လှိုက်ကျေးရွာအုပ်စု မြေစာရင်းဝန်ထမ်း ဦးသန်းဦးက ပြောသည်။

    ၎င်းက “ကမ်းပါးမြေပြိုနေတာကနှစ်တိုင်းလိုလိုပဲ၊ သံလွင်တံတားဆောက်ပြီးကတည်းက ပိုများလာတယ်၊ ခုဆိုကိုင်းသမားတွေလည်း ဘာမှလုပ်လို့မရတော့ဘူး၊ မြေပြိုတာဆိုရင် ကျွန်းရဲ့သုံးပုံတပုံလောက်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

    ၎င်းကျွန်းတွင် ကော့လှိုက်၊ ဝင်းကျန် နှင့် ထုံးအိုင်ကျေးရွာမှ ဒေသခံများကိုင်းသမားများ လာရောက် လုပ်ကိုင် နေကြသည်ဟု ဦးသန်းဦးက ပြောသည်။

    ကော့လှိုက်ကျွန်းတွင် နှစ်စဉ်ကိုင်းလုပ်ကိုင်နေသူ ဘားအံမြို့နယ်၊ ထုံးအိုင်ရွာသား နိုင်ခိုင်ထွန်း က“ကော့လှိုက်ကျွန်းအလယ်လောက်မှာ ကျနော်ပိုင်ကိုင်းမြေ ၃ ဧကကျော် ဒီသြဂုတ်လကုန်ပိုင်းမှာ အားလုံးသံလွင်မြစ်ထဲပြိုကျသွားကုန်ပြီ” ဟုပြောသည်။

    ထို့အတူ ထုံးအိုင်ကျေးရွာမှ ကိုင်းသမား (၅) ဦး ပိုင်ဆိုင်မြေ (၁၃) ဧကခန့်လည်း ကော့လှိုက်ကျွန်း ဘက်ခြမ်းနှင့် နှီးချကမ်းဘက်သို့ ပြိုကျသွားခဲ့သည်ဟု နိုင်ခိုင်ထွန်းက ပြောသည်။

    သံလွင်မြစ်ရေကြီး၍ ရေတိုက်စားမှုကြောင့် သံလွင်မြစ်တွင်းရှိ အခြားကျွန်းငယ်များလည်း ကမ်းပါးပြိုကျမှုများဖြစ်ပေါ်နေကြောင်း ကော့လှိုက်ရွာသားတဦးက ပြောသည်။

    ယင်းကျွန်းပေါ်၌ စိုက်ပျိုးလုပ်ကိုင်ရန် နေရာမရနိုင်သဖြင့် အလုပ်အကိုင်မရှိဖြစ်နေကြပြီး ဒေသခံကိုင်းသမားများ ထိုင်း၊ မလေးရှားနိုင်ငံဖက်သို့ သွားရောက် အလုပ်လုပ်ကိုင်ကြသည်လည်း ရှိသည်။

    ကော့လှိုက်ကျွန်းသည် ထုံးအိုင်ရွာ၊ ဝင်းကျန်ရွာနှင့် ဘားအံမြို့အကြားရှိပြီး အလျှားနှစ်မိုင်ကျော် အနံမိုင်ဝက်ခန့်အရွယ် သံလွင်မြစ်ပေါ်ရှိ ကျွန်းကြီးတစ်ခုဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ ဆီထွက်သီးနှံ၊ ပဲ၊ပြောင်း၊ ငရုတ်၊ ကြက်သွန်အပါအဝင်သီးနှံအမျိုးမျိုးစိုက်ပျိုးနေသည့် ကိုင်းမြေအမျိုးအစားဖြစ်သည်။

    ကိုင်းမြေသဘာဝသည် ကျွန်းရင့်ကျွန်နုဖြစ်စဉ်အပေါ်မူတည်၍ နှစ်စဉ်မြေပြိုမှုများ ဖြစ်ပေါ်နေလေ့ရှိပြီး အခြားတစ်နေရာတွင် သောင်ကျွန်းအဖြစ်ပေါ်လာတတ်သည်။

    ယခုအခါ ထုံးအိုင်ရွာအထက်တွင် သံလွင်မြစ်လယ်၌ ကျွန်းတစ်ကျွန်းအသစ်ပေါ်ထွန်း နေသည်ဟု လည်းဒေသခံများက ပြောသည်။

    လွန်ခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊လက်ပံတန်းမြို့နယ်အတွင်းရှိ မြစ်မခကမ်းပါး ပြိုကျခြင်းကြောင့် ညောင်ကုန်းကျေးရွာမှ နေအိမ် ၅ လုံး ရေထဲမျောပါသွားပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သူ ၂၅ ဦးကို သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာန စောင့်ရှောက်ကူညီပေးခဲ့ရကြောင်း သတင်းများတွင်ဖေါ်ပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts