spot_img
Wednesday, May 1, 2024
More
    spot_img
    Homeသတင်းရန်ကုန် မွန်တက္ကသိုလ်ကျောင်းသား/သူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

    ရန်ကုန် မွန်တက္ကသိုလ်ကျောင်းသား/သူများ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်စာပေနှင့် ယဉ်ကျေးမှုးကော်မတီ(တက္ကသိုလ်များ -ရန်ကုန်)ကကြီးမှူး၍ မွန်ကျောင်းသူ/သားတို့၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသူ/သားနှုတ်ဆက်ပွဲ အခမ်းအနားကို ပြီးခဲ့သည့် တနင်္ဂနွေနေ့(သြဂုတ်-၂၆ ရက်) တွင် ကျင်းပခဲ့သည်။

    ရန်ကုန်မွန်တက္ကသိုလ်ကျောင်းသား/သူများ၏လူပျိုလှည့်ယိမ်းတင်ဆက်မှု(Facebook)
    အခမ်းအနားကို လှိုင်မြို့နယ်၊ အင်းစိန်လမ်းမကြီးရှိ ရတနာခန်းမတွင် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ကျင်းပခဲ့ပြီး တက္ကသိုလ်အသီးသီးမှ ကျောင်းဆရာ/မများ၊ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်)အဖွဲ့ဝင်များနှင့် တက္ကသိုလ်ကျောင်းသူ/သား ၃၀ဝ ကျော် တက်ရောက်ခဲ့ကြသည်။

    ရန်ကုန်တက္ကသိုလ်မှ မွန်ကျောင်းသူ/သားအဖွဲ့ အထွေထွေအတွင်းရေးမှူး မင်းလဝီမွန်က “ ရန်ကုန် တက္ကသိုလ်မွန်ကျောင်းသားအဖွဲ့ဝင် တစ်ထောင်ကျော်ရှိပါတယ်၊ ဒီနှစ်ပထမနှစ်ကျောင်းသားအဖွဲ့ဝင် သုံးရာကျော် တိုးလာတယ်” ဟု ပြောသည်။

    ယင်းအခမ်းအနားတွင် (တက္ကသိုလ်များ-ရန်ကုန်)မွန်ကျောင်းသားအဖွဲ့ ဥက္ကဌ ကထိက မင်းခင်စိန်(သတ္တဗေဒဌာန-ဒဂုန်တက္ကသိုလ်)၊ မွန်ကျောင်းသားခေါင်းဆောင် မင်းလဝီမွန်၊ လက်ရှိ မွန်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်) ဥက္ကဌနိုင်ဖေတင်နှင့် စာ/ယဉ် ဥက္ကဌဟောင်း နိုင်မင်းသောင်းသျှင်တို့က မိန့်ခွန်းပြောကြားခဲ့ကြရာတွင် မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးတွင် ပညာတတ် မွန်လူငယ်များ တာဝန်ယူဦးဆောင်သွားကြရန် တိုက်တွန်းပြောဆိုခဲ့ကြသည်။

    “အချို့မွန်ကျောင်းသူ/သားတွေက မွန်စကားပဲပြောတတ်ကြပြီး မွန်စာမတတ်ကြတာရှိနေပါတယ်၊ အဲဒီအတွက် မွန်စာပေသင်တန်းကို သက်ဆိုင်ရာတက္ကသိုလ်ကျောင်းတွေမှာ နှစ်တိုင်းဖွင့်လှစ်ခဲ့ပါတယ်၊ တက္ကသိုလ်တစ်ခုနဲ့တစ်ခု ကျောင်းဖွင့်ပိတ်ချိန်မတူကြတာရှိတော့ အသင်းအဖွဲ့ လှုပ်ရှားမှုကိစ္စတွေက နည်းနည်းပါးပါး အခက်အခဲရှိတတ်ပါတယ်” ဟု မင်းလဝီမွန်က ဆက်ပြောသည်။

    အခမ်းအနားဟောပြောမှုအစီအစဉ်နောက်ပိုင်း ဖြေဖျော်ရေးအစီအစဉ်၌ တက္ကသိုလ် ကျောင်း သူ/သားတို့၏ မွန်ယဉ်ကျေးမှုယိမ်းအကများ၊ ခေတ်ပေါ်သီချင်းများဖြင့် ဧည့်ခံသီဆိုကပြခဲ့ကြ သည့်အပြင် စတီရီယိုအဆိုတော် လဝီ၊ လိမ္မော်သီး၊ ဘိုဘို(Outsider)တို့လည်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။

    မွန်အဆိုတော်လဝီက “သူငယ်ချင်းများလို့ အမည်ရှိတဲ့ မွန်ခေတ်ပေါ်သီချင်းတစ်ပုဒ် ဆိုခဲ့ပါတယ်၊ လိမ္မော်သီးနဲ့ဘိုဘိုတို့က ဗမာသီချင်းတွေဆိုကြတယ်၊ ကျနော်ကျောင်းတက်ခဲ့ကတည်းကစပြီး ဒီလိုအခမ်းအနားပွဲတွေကို နှစ်တိုင်းလိုလိုလာဆိုဖြစ်ပါတယ်”ဟု ပြောသည်။

    မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) ကျောင်းသူ/သားများအဖွဲ့သည် လွန်ခဲ့သည်အနှစ် ၄၀ ကျော်ခန့်တွင် သုတေသနရှာဖွေစုဆောင်းပြီး လက်ရှိမွန်အမျိုးသားရိုးရာဝတ်စုံများကို တီထွင်ဖန်တီးနိုင်ခဲ့သဖြင့် သမိုင်းမှတ်တမ်းကျန်ရစ်ခဲ့သော အဖွဲ့အစည်းဖြစ်သည်။

    မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(တက္ကသိုလ်များ-ရန်ကုန်) မွန်ကျောင်းသူ/သားအဖွဲ့ကို ၁၉၆၆-၆၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့စဉ် ကွယ်လွန်သူဒေါက်တာမန်းသက်စံ Ph.D ဥက္ကဌဖြစ်ခဲ့ပြီး မိမိတို့ကျောင်းတက်စဉ်ကာလဖြစ်ကြောင်း ထိုစဉ်က ဥပဒေကျောင်းသားဖြစ်ခဲ့သူ နိုင်မောင်တိုးက ပြောသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ကြားရတာအားရစရာပဲ ပညာတတ်ညီအကို များ လက်တွဲ သွားကြမယ် ဆိုရင်လှပ တဲ့ အနာဂတ်တစ်ခု ကို ပိုင်ဆိုင် ရမည် အမှန်ပင် ဟိုတုန်က ကျနော် စိတ်ပူခဲ့ တာ တစ်ခုရှိပါတယ် ခေတ်တွေပြေင်းလဲလာတဲ့ အမျှ မွန်စာတိပ်ကော သွားမှာကိူ စိတ်ပူနေမိတာ အခုတော့ ကျနော် အရမ်းပျော်သွားမိတာအမှန်ပဲ ဆက်ပြီးလက်တွဲ မပြတ်ဖို့တိုက်သွန်းချင်ပါတယ် ကျနော် မွန်စာမရေးတတ်တော့ ကိုကိုတောင်း အပြစ်တင်မိတယ် သင်ကြားခွင့်မရခဲ့တာလဲပါပါတယ်
      ဆက်လက် ပြီး လက်တွဲ သွားကြပါလို့ တိုက်သွန်းရင်း
      မာံထာဝရ ( ကေလာသ ကျေးရွား)

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts