လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇန်နဝါရီလ ၁၆၊ ၂၀၂၆။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က ဒေသခံအမျိုးသမီးများအပါအဝင် လူ ၁၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရေဖြူသတင်းအရင်းမြစ်များမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကော်မရှင်အဖွဲ့တို့ စစ်ကြောင်းထိုး ဝင်ရောက်လာစဉ် မိုင် ၆၀ ကျေးရွာမှ ဒေသခံ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၆ ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လက်ရှိတွင် အမျိုးသမီး ၄ ဦးကိုသာ ပြန်လွှတ်ပေးသေးကြောင်း သိရသည်။
စစ်ကော်မရှင်စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများသည် အသက် ၂၀ ကျော်အရွယ် လူငယ်များဖြစ်ကြပြီး စစ်ကြောင်းချိန်တွင် လူသားဒိုင်းအဖြစ် အသုံးပြုခံရသည်ဟု မိုင် ၆၀ ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့က ရွာဘေးကနေဝင်လာတော့ မိုင် ၆၀ ရွာခံတွေကို သူတို့ဖမ်းသွားတယ်။ အမျိုးသမီးက ၆ ဦး ဖမ်းသွားတယ်။ အခုက ၄ ဦး လွှတ်လာပေးတယ်။ ၂ ဦးကမလွတ်သေးဘူး။ ပြီးတော့ အမျိုးသားက ၆ ဦးကိုလည်း မလွှတ်ပေးသေးဘူး။ သူတို့စစ်ကြောင်းထိုးတော့ cover လုပ်ဖို့အတွက် ဖမ်းသွားတယ်” ဟု ထိုသူက ဆက်ပြောသည်။
စစ်ကော်မရှင် စစ်ကြောင်းမှ ဖမ်းဆီးခေါ်ဆောင်သွားသည့် သူများကို လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု သိရသည်။
ယင်းနေ့ နံနက်ပိုင်း ၁၀ နာရီခွဲခန့်တွင် သာယာမွန်ရွာအနီး၌ စစ်ကော်မရှင်တပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ အပြန်အလှန်ပစ်ခတ်မှုသည် မိနစ် ၂၀ ဝန်းကျင်ကြာမြင့်ခဲ့သည်။
ထိုအချိန်အတွင်း ကျေးရွာအနီးရှိ ရော်ဘာခြံ၌ အလုပ်လုပ်နေသည့် အသက် ၄၀ ကျော် အမျိုးသားတစ်ဦးသည် တိုက်ပွဲအတွင်း ပစ်ခတ်သည့် ကျည်ထိမှန်ကာ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
“သူက ရော်ဘာခြံမှာအလုပ်လုပ်နေတာ ရွာကသူတွေတော့မဟုတ်ဘူး။ ရွှေ့ပြောင်းလုပ်သားပဲ၊ သာယာမွန်ရွာအနီးမှာ တိုက်ပွဲဖြစ်တော့ သူထိသွားတာ အခုသူသေသွားပြီး။ အခုကလည်း ရွာမှာ ဝင်လာနေတယ်၊ တော်လှန်းရေးတွေလား၊ စစ်တပ်တွေလားတော့မသိဘူး။ ရွာခံတွေက အကုန်ကြောက်နေကြတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေဖြူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့များက ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် မကြာခဏ ဖမ်းဆီးလေ့ရှိပြီး ဖမ်းဆီးထားစဉ် ရိုက်နှက်ထုထောင်းခံရသူများလည်း ရှိသည်။
အရပ်သားများကို စစ်ဆင်ရေးအတွင်း ကာကွယ်တားဆီးရေးအဖြစ် ဒိုင်းသဖွယ် အသုံးချခြင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအရ ချိုးဖောက်မှုတစ်ရပ်ဖြစ်ပြီး၊ ထိုကဲ့သို့သော လုပ်ရပ်များကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) နည်းဥပဒေ အမှတ် (၉၇) အရ တိတိကျကျ တားမြစ်ထားသည်။
ထို့အပြင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်လည်း အဆိုပါလမ်းပိုင်းတစ်လျှောက်ရှိ ရေဖြူမြို့နယ် ရာဖူးရွာ၌ တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို ရေးဘီလူးအဖွဲ့နှင့် KNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အာဏာရှင်တပ်ဖက်မှ သုံးဦး သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။


