မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း နှစ်နှင့်ချီဖွင့်လှစ်ထားသော လောင်းကစားဝိုင်း၏ ဆိုးကျိုးများကြောင့် ဒေသခံပြည်သူများ နေ့စဉ်လူမှုရေးပြဿနာများရင်ဆိုင်လာရသဖြင့် လောင်းကစားဝိုင်းများရပ်တန့်ရေး အလိုရှိနေသော်လည်း မဲဆွယ်စည်းရုံးရေးလုပ်ဆောင်နေသူ စစ်ကော်မရှင် မုဒုံမဲဆန္ဒနယ်အမတ်လောင်းများ တစ်စုံတစ်ရာ ကတိကဝတ်ပေးပြောဆိုခြင်းမရှိကြောင်း သိရသည်။
စစ်ကော်မရှင်မှ အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ဒီဇင်ဘာ ၂၆ ရက်နေအထိ မြေပြင်တွင် မဲဆွယ်စည်းရုံးခွင့်ပြုထားသဖြင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်လောင်းများ မြေပြင်ကွင်းဆင်းခြင်းဖြင့်လည်းကောင်း အွန်လိုင်းမှတစ်ဆင့်သော်လည်းကောင်း ပြည်သူများကို ကတိကဝတ်အမျိုးမျိုးပေးဆောင်၍ မဲဆွယ်စည်းရုံးမှု လုပ်ဆောင်နေကြောင်း သိရသည်။
ဒေသခံပါတီများအပြင် နိုင်ငံတော်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ မိမိမဲဆန္ဒနယ်ပြည်သူများ ရင်ဆိုင်နေရသည့် လောင်းကစားဝိုင်းကဏ္ဍမှ ပြဿနာများကို နှံ့နှံ့စပ်စပ် သိရှိသော်လည်း ပြောဆိုခြင်းမပြုဘဲ လုံးဝချန်လှပ်ထားသည်ဟု မွန်ညီညွတ်ရေးပါတီကိုထောက်ခံသူ မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“လောင်းကစားဝိုင်းနဲ့ပတ်သက်ပြီးတော့ နိုင်ငံရေးပါတီတွေက ထူးထူးခြားခြားပြောထားတာမရှိဘူး။ ဒီလောင်းကစားဝိုင်းကို သူတို့အနေနဲ့ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စမဟုတ်ဘူး။ သူတို့အမတ်လောင်းတရားဝင်ဖြစ်သွားရင်တစ်မျိုးပေါ့။ ဒီအခြေနေအတိုင်းပဲဆိုရင်တော့ လောင်းကစားဝိုင်းဖွင့်ထားတဲ့သူတွေကိုဘာမှသွားပြောပိုင်ခွင့်မရှိဘူး။ သွားပြောလည်းမရဘူး။” ဟု ဆိုသည်။
မုဒုံမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများကို မုဒုံ ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့ နှင့် စစ်ကော်မရှင်နှင့်အဆက်စပ်ရှိသည့်ဒေသခံအဖွဲ့တို့ပူးပေါင်းဖွင့်လှစ်ထားပြီး ဖဲဝိုင်း၊ အံဂလုံဝိုင်း စသည့်ကစားနည်းအမျိုးအစားများကို ငွေကြေးသိန်းရာဂဏန်းဖြင့် လောင်းကြေးထပ်ကစားလျှက်ရှိသည်။
စစ်ကော်မရှင်အဖွဲ့မှ ရွေးကောက်ပွဲနီးကပ်လာသည့်အချိန်တွင် ပျော်ပွဲရွင်ပွဲများ လောင်းကစားပွဲများပိတ်သိမ်းရမည်ဆိုသော်လည်း သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ထံ အခွန်ထပ်တိုးပေးဆောင်မည့် လောင်ကစားလုပ်ငန်းရှင်များ ဆက်လက်ဖွင့်လှစ်ခွင့်ပြုမည်ဟုလည်း အထက်ပါဒေသခံအမျိုးသားက ဆိုသည်။
ကလော့သော့ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက “ဘယ်လောက်အခွန်တွေပေးထားလဲဆိုတော့ ကလော့သော့မှာတာဝန်ယူပြီးဖွင်နေတဲ့သူဆိုရင် လာစစ်တဲ့ရဲသူတွေက သူ့ကိုဆရာလို့ခေါ်ရတယ်။ ကိုယ့်ရွာက လူတွေလည်းသွားကစားတယ်။ အခြားရွာကလူတွေလည်းလာကစားတယ်။ ဖွင့်နေတာကကြာလှပြီး လူအဝင်အထွက်များလို့ လမ်းတွေကလည်း ဖြူးကုန်ပြီး။ မီးရထားလမ်းအနားမှာပဲဖွင့်ထားတာ။” ဟု ဆိုသည်။
လောင်းကစားဝိုင်းကြောင့် ပြည်သူများကြုံတွေ့နေရသည့် လူနေမှုပြဿနာများ ကြီးထွားလာနေသော်လည်း မည်သည့်အဖွဲ့အစည်းများထံ တိုင်တန်းခြင်း မလုပ်ဆောင်နိုင်ကြောင်းလည်း သူမကပြောသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကော်မရှင်အဖွဲ့နှင့် အချိတ်အဆက်ရှိသူသူများက လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သည့် ပြဿနာများကို တရားဝင်သဖွယ် ပြုလုပ်လာကြသည်။
ကလော့သော့ကျေးရွာ မီးရထားသံလမ်းအနီး၊ ကမာဝက်မြို့ ကျိုက်ခမော့တောင်ခြေ၊ ကျုံဖိုက်ကျေးရွာ၊ ကျိုက်ရွဲကျေးရွာနှင့် မြို့ပေါ်နေရာများသည် လောင်းကစားဝိုင်းအစည်ကားဆုံးနေရာများဖြစ်ပြီး နေ့ညမနားဖွင့်လှစ်ထားခြင်းဖြစ်သည်။
တစ်ဖက်ဒေသခံများလည်း ကိုယ်စားလှယ်လောင်များ မဲဆွယ်စဉ် ပြောဆိုသည့်ကတိကဝတ်များကို အယုံအကြည်မရှိကြောင်းလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။



