မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်ငန်းပြန်များကို စစ်ကော်မရှင်လူဝင်မှုကြီးကြပ်ရေးအဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့များ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်များ မလုပ်ဆောင်နိုင်ဘဲ သက်ဆိုင်ရာ မြို့နယ်ခန်းမများတွင်သာ ဆက်လက်ထိန်းသိမ်းထားရဆဲဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာလနောက်ဆုံးအပတ်အတွင်း ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်တို့တွင် ဖမ်းဆီးထားသည့် ကျားဖြန့်လုပ်ငန်းပြန် ၆၀၀ ကျော်ကို ပေါင်မြို့နယ်ခန်းမတွင် ၁၀၁ ဦး၊ ကျိုက်ထိုမြို့နယ်ခန်းမတွင် ၁၀၀ ဦးဝန်းကျင်နှင့် သထုံမြို့နယ်ခန်းမတွင် လူဦးရေ ၄၀၀ ကျော်ကို ယနေ့အထိ ထိန်းသိမ်းထားရဆဲဖြစ်သည်ဟု စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူက ပြောသည်။
ဖမ်းဆီးရမိသူများကို မှတ်ပုံတင်၊ ထောက်ခံစာနှင့် အခြားအချက်အလက် စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့သော်လည်း တာဝန်ရှိသူများမှ နေရပ်ပြန်ပို့ရေးကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ ညွှန်ကြားခြင်းမရှိကြောင်းလည်း ဆိုသည်။

“ ရဲတွေပြောတာက ကျားဖြန့်ခေါင်းဆောင်တွေကိုပဲ သူတို့ရှာပြီး အရင်အရေးယူမယ်တဲ့။ အခုက ခေါင်းဆောင်မပါတော့ ဒီကျန်နေတဲ့သူတွေကို သူတို့ဘယ်ကိုပို့ရမှန်းမသိ၊ ဘာမှမဆုံးဖြတ်ရသေးလို့ အဆင်မပြေဘူး၊ မြို့ခန်းမမှာသူတို့နေပြီး အပြင်မှာ မုန့်တွေဝယ်စားတာ၊ ထမင်းဆိုင်တွေမှာ ဝယ်စားနေတာ တွေ့ရတယ်။ ” ဟု ထိုသူက ဆက်ပြောသည်။
လက်ရှိ မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိထားသည့် ကျားဖြန့်လုပ်သားများသည် မြန်မာမှကျားဖြန့်လုပ်သားများပါဝင်သလို တရုတ်နိုင်ငံသားများလည်း ပါဝင်ကြောင်း သိရသည်။
ကျားဖြန့်လုပ်ငန်းပြန်များကို မြို့နယ်ခန်းမအတွင်း စနစ်တကျထိန်းချုပ်ထားခြင်းမရှိဘဲ အနီးတစ်ဝိုက်သို့ လွတ်လပ်စွာ သွားလာခွင့်ပေးထားကြောင်းလည်း သိရသည်။
အဆိုပါအခြေအနေများကြောင့် ကျားဖြန့်လုပ်ငန်းတွင် လုပ်ကိုင်ဖူးသူများ ရောက်ရှိရာဒေသတွင် အခြေချ၍ နည်းလမ်းပေါင်းစုံနှင့် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို ပြည်သူများအကြား ထပ်မံလည်ပတ်မှု ပြုလုပ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်ဟု ဆိုသည်။
သထုံဒေသခံတစ်ဦးက “ကျနော်တို့မှာ နည်းနည်းမဟုတ်ဘူး။ ၄၀၀ ကျော်ရှိနေတာ အခုဆို နှစ်ပတ်တောင်ပြည့်တော့မယ် ဒီမှာရှိနေတာ။ တကယ်လို ဒီခန်းမမှာပဲ ဘယ်သူမှအရေးမယူဘဲ ပစ်ထားမယ်ဆို ကြာသွားရင် ဒေသခံတွေအတွက် ထိခိုက်လာနိုင်တယ်။ သူတို့က ဒီမှာအခြေချပြီး ငွေလိမ်တဲ့အလုပ်ကို ဒီဒေသတွေမှာ ပြန်လုပ်လာမှာကို စိုးရိမ်ရတယ်။ တချို့က တစ်ယောက် နှစ်ယောက်ထဲနဲ့ သူတို့သွားလာနေတော့ မဖမ်းမိတာလည်းရှိတယ်” သထုံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ရွှေကုက္ကိုလ်နယ်မြေ တိမ်းရှောင်လာသည့် မြန်မာကျားဖြန့်လုပ်သားများသည် မွန်ပြည်နယ် မြို့ပေါ်ရှိ ဟော်တယ်နှင့် မိုတယ်များတွင် ခိုအောင်းနေသူများရှိသလို အချို့နေရပ်ပြန်သွားသူများလည်း ရှိကြောင်းလည်း နီးစပ်သူများက ပြောသည်။
စစ်ကော်မရှင်မှ ဖမ်းဆီးရမိထားသည့် ပြည်ပနိုင်ငံသားများကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ ဥပဒေလုပ်ထုံးများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးမှုများလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် ပြည်ပနိုင်သား (၁၂,၉၁၅) ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် (၁၀, ၀၂၉) ဦးကို သက်ဆိုင်ရာနိုင်ငံသို့ လွှဲပြောင်းပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း စစ်ကော်မရှင် ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။
တစ်ဖက်တွင်လည်း ကျားဖြန့်နှိမ်နင်းရေးများလုပ်ဆောင်ခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး KNU သည် နိုဝင်ဘာလ ၂၃ မှ ၂၈ ရက်နေ့အထိ စုစုပေါင်း ၇၈၂ ဦးကို မင်းလက်ပံကျားဖြန့်လုပ်ငန်းမှ ကယ်ဆယ်ပြီးနောက် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု နိုင်ဝင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


