ရှမ်းပြည်နယ်မြောက်ပိုင်း မိုးကုတ် နှင့် မိုးမိတ်အကြားမှာ စစ်ကောင်မရှင်တပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု မှန်ကန်ပြီး ဖုန်းလိုင်းအခက်အခဲကြောင့် မြေပြင်အခြေအနေ အသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူက “မနေ့ည ၈ နာရီဝန်းကျင်လောက်မှာ အဲဒီ မိုးကုတ်နဲ့ မိုးမိတ်ကြားမှာ တိုက်ပွဲဖြစ်တယ်ဆိုတာလောက်ပဲ ကျနော်ကြားပါတယ်။ မြေပြင်အခြေအနေတွေကတော့ အခုထက်ထိ ဘာမှသတင်းတွေမကြားဘူး။ အဲဒီ မိုးကုတ်ဖက်မှာ မိုးမိတ်ဖက်ကို သွားတယ်ဆိုတာကတော့ တကယ်လို့ မိုးမိတ်မှာ အထိုင်ချဖို့ ဝင်ထိုင်ဖို့ သွားတာလား ဒါမှမဟုတ် မိုးကုတ်ကအဖွဲ့တွေ လုံခြုံရေးလှည့်တဲ့ အဖွဲ့နဲ့ တွေ့တာလား ဒီဟာလည်း ဘယ်မှာပစ်ကြတယ်ဆိုတာ ကျနော် မကြားသိရပါဘူး။ ဘာလို့ဆို အဲဒီဖက်မှာလည်း ဖုန်းအဆက်အသွယ်တွေလည်း အခက်အခဲ အများကြီးရှိတယ်လေ၊ ကျနော်ကြားတယ်ဆိုတာ အဲဒီမှာ တိုက်ပွဲဖြစ်တာလောက်ပဲ ကျနော်ကြားပါတယ်” ဟု ပြောသည်။
အလားတူ မိုးကုတ်မြို့ အနောက်ဘက်ခြမ်းမှာလည်း စစ်ကော်မရှင်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ ယနေ့ (ဒီဇင်ဘာ ၁ ရက်) နံနက်၁၁ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
မိုးမိတ်မြို့ကို စစ်ကော်မရှင်တပ်များ ပြန်လည်ဝင်ရောက်လာသည်ကို မကြားသိရသေးကြောင်း၊ မိုးမိတ်တွင် စစ်ကော်မရှင်တပ် နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားလာပါက မိမိတို့ KIA နှင့်လည်း စစ်ရေးတင်းမာလာနိုင်သည်ဟု ဗိုလ်မှူးကြီး နော်ဘူက ဆက်ပြောသည်။
“မိုးမိတ်ဖက်မှာတော့ ဝင်နေပြီဆိုတာတော့ မကြားရသေးဘူး။ မဝင်သေးဘူးထင်တယ်၊ ခုထိဝင်တာတော့ မကြားဘူး။ ကျနော်တို့လည်း မိုးမိတ်ကိုလည်း မဝင်အောင် ကာကွယ်ဖို့ဆိုတာ ရှိမယ်လို့ ကျနော်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ စစ်ကိုင်းတိုင်းဖက် ဖြစ်နေတဲ့ပြဿနာ ဒါပေမဲ့ ကျနော်တို့နဲ့ ဆက်စပ်နေတဲ့မြို့တော့ဖြစ်ပါတယ်။ အဲဒီမိုးမိတ်ကတော့ ဒါကြောင့် အဲဒီဖက်မှာ တိုက်ပွဲတွေ ရှိလို့ရှိရင်တော့ ကျနော်တို့ KIA နယ်မြေအတွက်လည်း စစ်ရေးအခြေအနေကတော့ တင်းမာမှုတော့ ရှိမှာပါ။ ဒါပေမဲ့ အခုတော့ မိုးမိတ်မှာ ဝင်နေပြီဆိုတာတော့ ကျနော်မကြားရသေးဘူး” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် တော်လှန်ရေးအင်အားစုတို့ သိမ်းပိုက်ရရှိခဲ့သည့် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကို တရုတ်၏ စေ့စပ်ညှိနှိုင်းပေးမှုဖြင့် စစ်ကော်မရှင်တပ် နှင့် TNLA တို့ ၂၀၂၅ ခုနှစ်အတွင်း ၉ ကြိမ်ထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ တွေ့ဆုံ ဆွေးနွေးကာ အဆိုပါမြို့များမှ TNLA တပ်ဖွဲ့များ ဆုတ်ခွာရန် နှစ်ဖက်သဘောတူညီခဲ့သည်။
ထို့နောက် မိုးကုတ်မြို့မှ တော်လှန်ရေးအင်အားစုတို့ ထွက်ခွာသွားပြီး နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းမှစ၍ မိုးကုတ်မြို့အတွင်းသို့ စစ်ကော်မရှင်တပ်ဖွဲ့များ ပြန်လည်ဝင်ရောက်လာခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ် – မန္တလေး (MDY-PDF)၊ မိုးကုတ်ဗျူဟာ စသည့် တော်လှန်ရေးအင်အားစုများက မိုးကုတ်မြို့ကို ပြန်မပေးရရေး ကာကွယ်မည်ဟု အသီးသီးထုတ်ပြန်ခဲ့ကြသည်။


