spot_img
Wednesday, November 26, 2025
More
    spot_img
    Homeသတင်းသဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိလာမည့် တောင်ဝိုင်းတောင်မှ မြေတူးဖော်နေခြင်းကို ရပ်တန့်ပေရေး မြို့ခံများ အလိုရှိနေ

    သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိလာမည့် တောင်ဝိုင်းတောင်မှ မြေတူးဖော်နေခြင်းကို ရပ်တန့်ပေရေး မြို့ခံများ အလိုရှိနေ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်တန်းပေါ်တွင် စစ်ကော်မရှင်ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုချက်အရ ကျောက်ဖြတ်စက်၊ မြေသယ်စက်ယန္တရားများဖြင့် တောင်တန်းမြေတူးဖော်နေခြင်းကို ရပ်တန့်ပေးရန် မြို့ပေါ်ဒေသခံများ တောင်းဆိုလျှက်ရှိသည်။

    နှစ်စဉ်ခရီးသွားရာသီတွင် တောင်တက်သူများ၊ လာရောက်အပန်းဖြေသည့် မြို့ခံများ၊ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များဖြင့် နွေ၊မိုး၊ဆောင်း စည်ကားနေသည့် မော်လမြိုင် တောင်ဝိုင်းတောင်သည် မော်လမြိုင်မြို့၏ အလှကျက်သရေဆောင်ဖြစ်သလို သဘာဝဂေဟစနစ်အတွက် အလွန်အရေးပါသည့် နေရာတစ်ခုဖြစ်သည်။

    မည်သည့် စီမံကိန်းအတွက် တောင်ပေါ်ရှိမြေများတူးယူနေသည်ကို အတိအကျမသိရသော်လည်း  နိုဝင်ဘာလဆန်းပိုင်းမှစပြီး စက်ယန္တရားအများအပြား အသုံးပြုကာ မြေသယ်ကားများဖြင့် တစ်ရက်လျှင် အခေါက် ၂၀၀ နီးပါးအထိ သယ်ယူနေခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရှိလာမည်ကို မြို့ခံနှင့် အနီးဝန်းကျင်နေထိုင်သူများ စိုးရိမ်လာကြသည်။

    စစ်ကော်မရှင်အဖွဲ့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ စီးပွားရေးလိုအပ်ချက်အရ တောင်ဝိုင်းတောင်မှမြေများကို တူးဖော်နေခြင်းသည် ရေရှည်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဒဏ်ရှိနိုင်သဖြင့် လက်ရှိတူးဖော်နေသည့်လုပ်ငန်းကို ရပ်တန့်ပေးသင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားနေသူ မွန်လူငယ်တစ်ဦးက တိုက်တွန်းပြောဆိုသည်။

    ပုံ-မြို့ခံတစ်ဦး

    “ လိုအပ်ချက်ကြောင့် ဒီတောင်က မြေကိုတူးဖော်ရတာက ကျနော်နားလည်ပါတယ်။ ဒါမဲ့သဘာဝပတ်ဝန်းကျင်းအခြေနေကိုလည်း ချင့်ချိန်တွက်ဆစေချင်တယ်။ ဘယ်လောက်ပဲ စီးပွားရေးအရ လိုအပ်နေပါစေ တောင်ရဲ့မြေကိုတော့ ဒီလောက်အထိ တူးလိုက်ဖို့ မလိုဘူးထင်တယ်။  အခုက သူတို့တူးဖော်လိုက်လို့အချို့တောင်တွေက မြေပြန့်သလိုဖြစ်သွားပြီး။ ရေရှည်အတွက်ဆိုရင် သဘာဝပတ်ဝန်းကျင်ရဲ့  ဆိုးကျိုးတွေခံစားရမှာပဲ။” ဟုဆိုသည်။

    ယခင် NLD အစိုးရလက်ထက်ကတည်းကပင် တောင်ဝိုင်းတောင်ကို စတင်တူးဖော်ခဲ့သော်လည်း ပြည်သူများမှ အလိုမရှိကြောင်း တင်ပြပြောဆိုမှုကြောင့် မြေတူးဖော်ခြင်းလုပ်ငန်းကို ရပ်တန့်ခဲ့ပြီးနောက် လက်ရှိတွင် တစ်ဖန်ပြန်လည် တူးဖော်လာခဲ့သည်ဟု ဆိုသည်။  

    မြို့ပေါ်ဒေသခံများ လုံခြုံရေးအခြေနေကြောင့် လက်ရှိစစ်ကော်မရှင်လုပ်ဆောင်နေသောလုပ်ဆောင်ချက်အပေါ် အလိုမရှိသော်လည်း ထုတ်ဖော်မပြောဆိုရဲကြောင်း သိရသည်။

    တောင်ဝိုင်းတောင်ဖြိုချမှုကြောင့် ဒေသခံပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေသည့်ကြားမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က   မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဦးဆောင်သည့်အစိုးရအဖွဲ့မှ မြေတူးဖော်နေသည့် နေရာအား သွားရောက်ကြည့်ရှု့ခဲ့ပြီး  ပြောင်းလဲချက်မရှိ ယနေ့အထိ ဆက်လက်တူးဖော်ခွင့်ပြုထားဆဲဖြစ်ဟု မြို့ခံတစ်ဦးက ဆိုသည်။

    “အစိုးရကတော့ လာကြည့်ပြီးသွားပြီး။ သူတို့ဖြိုနေတဲ့တောင်က သူတို့ဝယ်ထားတဲ့တောင်တဲ့ အစိုးရဆီကနေ အခြားနည်းသုံးစွဲခွင့်ရထားပြီးတဲ့တောင်လို့ ပြောတယ်။ အဲ့ကြောင့် အခြားပြည်သူတွေ ဘာမှပြောပိုင်ခွင့်မရှိတော့ဘူးလေ။ ဒီကနေ့မြေတွေသယ်နေတုန်းပါပဲ။” ဟု ဆိုသည်။  

    လက်ရှိ မော်လမြိုင်မြို့ပေါ်တွင် စစ်ကော်မရှင်အစိုးရအဖွဲ့နှင့် လုပ်ငန်းရှင်တို့ပူးပေါင်းလုပ်ဆောင်ထားသည့် လှိုင်မြို့သစ်စီမံကိန်း၊ ဆောက်လုပ်နေဆဲ အတ္တရံတံတားပြီးမြောက်ရန်နှင့် အခြားမြေဖို့ရန်လိုအပ်သောနေရာများအတွက် တောင်ဝိုင်းတောင်မှ မြေများကိုတူးယူ အသုံးပြုနေပြီး အချို့နေရာတို့တွင် မြေပြန့်ကဲ့သို့ ဖြစ်သွားသည်ဟု မြို့ပေါ်ဒေသခံတို့ကဆိုသည်။

    စစ်ကော်မရှင်အာဏာသိမ်း ကာလတစ်လျှောက်တွင် ဂေဟစနစ်များထိန်းသိမ်းမှုမရှိခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်သော်လည်း အရပ်ဖက်အဖွဲ့စည်းနှင့်ပြည်သူများက လုံခြုံရေးအခြေနေကြောင့်  တားမြစ်ဆန္ဒပြခြင်းများ မလုပ်ဆောင်နိုင်ပေ။

    တောင်ဝိုင်းတောင်ကို ယခုနှစ်တွင် တောင်ဖြို၊ မြေရောင်း၊ အကွက်ရိုက် စသည့် စီးပွားလုပ်သူများကြောင့်လည်း လွန်စွာပျက်စီးနေပြီး မော်လမြို့ကြီးအတွင်း ရေချို၊ ရေသန့် ပြတ်လတ်သွားပြီး ရေတွင်းရေကန်များလည်း ရေပြတ်တောက်ကာ သောက်သုံးရေးများ ဒုက္ခရောက်မည်လည်း စိုးရိမ်စရာဖွယ်ရာဖြစ်သည်ဟု တောင်ဝိုင်းတောင်တစ်ဝိုက် နေထိုင်သူများက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts