spot_img
Wednesday, November 26, 2025
More
    spot_img
    Homeသတင်းကျားဖြန့်အရေး ရတက်မအေးရတဲ့ လက်နက်ကိုင်များ

    ကျားဖြန့်အရေး ရတက်မအေးရတဲ့ လက်နက်ကိုင်များ

    -

    စစ်အုပ်စုအပါအဝင် တရုတ် – မြန်မာနယ်စပ်တစ်လျှောက်နှင့် ထိုင်း – မြန်မာနယ်စပ်တို့တွင် အခြေပြုလှုပ်ရှားကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများကို အသည်းအသန် ဖမ်းဆီးပြနေကြရသည်။

    ကျားဖြန့်နှိမ်နင်းရေးတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံ တရုတ်နှင့် အမေရိကန်တို့ အပြိုင်အဆိုင် ဖြစ်လာကြပြီး ၎င်းနိုင်ငံနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး ကျားဖြန့်လုပ်ငန်းများကို ဖမ်းဆီးနှိမ်နှင်းလာခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “ကျားဖြန့်က ကမ္ဘာ့ပြဿနာဖြစ်လာတယ်။ တရုတ်ကတော့ မူလဆရာပေါ့၊ သို့သော် တရုတ်ကတော့ ကိုယ့်အလုပ် ကိုယ်မနိုင်တော့ ပြန်သိမ်းတဲ့အချိန်မှာ အမေရိကန်ကလည်း ကျားဖြန့်နှိမ်နှင်းတာကို အကြောင်းပြုပြီးတော့ တရုတ်ဩဇာလွမ်းမှာ ကြောက်တော့ ဒေသထဲ ဝင်လာပြီးတော့ ကျားဖြန့်ကို သူလည်း နှိမ်နှင်းမယ်ဆိုပြီးတော့ ကျားဖြန့်နိမ်နှင်းရေးမှာ အပြိုင်အဆိုင်ဖြစ်လာတဲ့အခါကြတော့ နှစ်ဖက်အင်အားကြီး နှစ်ခုကြားမှာ ညှပ်မှာကြောက်တဲ့အခါကြတော့ လူတိုင်းက ကျနော်တို့လည်း နှိမ်နှင်းပါတယ်လို့ ထအော်ကြတာပါ။ ထိုင်းဝန်ကြီးချုပ်ကလည်း ကျားဖြန့်စစ်ဆင်ရေး လုပ်မယ်၊ DKBA တို့ BGF တို့ အားလုံးကလည်း ကျားဖြန့်နှိမ်နှင်းရေး ကျနော်တို့လည်း လုပ်ပါတယ်။ အခု KNLA ပေါ့ KNU လက်အောက်ခံတပ်ကလည်း ကျနော်တို့လည်း လုပ်ပါတယ်ဆိုပြီးတော့ တရုတ်အလိုကျ လုပ်တဲ့လူနဲ့ အမေရိကန်အလိုကျ လုပ်တဲ့သူနဲ့ နှစ်ဖက်ဖြစ်သွားတာပေါ့” ဟု ပြောသည်။

    တရုတ် – မြန်မာ နယ်စပ်တစ်လျှောက်ရှိ ကျားဖြန့်နှိမ်နှင်းရေးခေါင်းစဉ်ဖြင့် တရုတ်၏ မီးစိမ်းပြမှုနှင့်အတူ ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ကာ ကျားဖြန့်များသာမက စစ်အုပ်စု ထိန်းချုပ်ထားသည့် မြို့အများအပြား သိမ်းယူ၍ မြန်မာ့နိုင်ငံရေးအပေါ် များစွာသက်ရောက်မှု ရှိခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ်ထော်သလေးနယ်မြေမှာတည်ရှိသည့် KK Park ကျားဖြန့် ဝင်းအတွင်းရှိ အဆောက်အဦး ၁၀၀ ကျော်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်စပ်သည်ဟု စစ်အုပ်စုက စွပ်စွဲကာ ဖြိုချဖျက်ဆီး၍ သတင်းထုတ်ပြန်ခဲ့သည်။

    ငွေကြေးအကျိုးအမြတ် အများအပြားရရှိသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများတွင် စစ်အုပ်စုသည်လည်း ပါဝင်ပတ်သက်နေပြီး ယခုကဲ့သို့ ကျားဖြန့်များကို အဖမ်းအဆီးပြနေခြင်းက နိုင်ငံတချို့၏ အရေးယူမှုကို ရှောင်လွှဲလို၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

    စစ်အုပ်စုသည် ကျားဖြန့်လုပ်ငန်းတွင် အဓိကအရေးပါသူများကို တိတ်တဆိတ် ခေါ်ထုတ်၍ အရေးမပါသောသူများအား ဖမ်းဆီးပြနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    “အခု သူတို့ကျားဖြန့်ရှင်းနေတဲ့ ကိစ္စကလည်း နောက်ဆုံး မသက်သာလို့သာ ဖုတ်ပူမီးတိုက် သူတို့ ရှင်းနေရတာဗျ၊ သူတို့ ရှင်းနေပါတယ်ဆိုတဲ့အကြောင်း သတင်းတွေ ထုတ်နေရတာဗျ၊ အမှန်ဆိုလို့ရှိရင် လူမသိသူမသိဖြစ်သွားတဲ့ ကျားဖြန့်ဆိုတာ မနေ့ကတော့ စည်စည်ကားကားရှိသေးတယ်။ ဒီနေ့ ဘာဖြစ်သွားတာတုန်းဆိုတဲ့ အဲဒီလိုမျိုးတွေ အံ့ဩလောက်အောင်ကို သူတို့က ရှင်းသွားရမှာလေ။ အဲဒီလို မဟုတ်ဘဲနဲ့ တကယ့်အရေးမပါတဲ့ လူတွေကိုတော့ ရုတ်ရုတ်သဲသဲ မြင်နေရတာတော့ သတင်းတွေ ဖြစ်အောင် လုပ်တယ်။ တကယ့်အရေးပါတဲ့လူတွေ သယ်ထုတ်သွားတဲ့ဟာကိုတော့ ခင်ဗျားတို့ သိရလား။ သတင်းမှာပါလား။ မြင်ရလား။ ဒါကို စဉ်းစားကြည့်လိုက်လေ၊ ဆိုတော့ ရှေ့မှာလည်း ကိုးကန့်အုပ်စုတွေ ကျားဖြန့်အုပ်စုတွေ ဘယ်လိုဖြစ်သွားလဲပေါ့” ဟု ပြောသည်။

    ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်၍ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ထိပ်တန်းခေါင်းဆောင်များကို အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC)က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ကြောင်း နိုဝင်ဘာ ၁၂ ရက်က ကြေညာခဲ့သည်။

    စစ်အုပ်စုနည်းတူ DKBA၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့သည်လည်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများကို အဖမ်းအဆီးပြခဲ့ကြသည်။

    တရုတ်နှင့် အမေရိကန်တို့ ကျားဖြန့်အရေး အားပြိုင်မှုသည် စစ်အုပ်စု၏ ဝင်ငွေရလမ်းကို များစွာထိခိုက်နိုင်သလို DKBA နှင့် BGF တို့သည်လည်း စစ်အုပ်စုနှင့် ပူးပေါင်း၍ တော်လှန်ရေးကို နှောင့်ယှက်နေသည့်အတွက် ကျားဖြန့်အရေးကြောင့် ၎င်းတို့သည် ဖိအားရှိသွားနိုင်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် တော်လှန်ရေး အခင်းအကျင်းပုံစံ ပြောင်းလဲသွားနိုင်ကြောင်း ဝါရင့်သတင်းထောက်တစ်ဦးက ထောက်ပြသည်။

    “အခုက အမေရိကန်က သူတို့ကို ဖမ်းမယ်ဆိုပြီးတော့ ကြည့်ရတာ သူတို့က ကြိုပြီးတော့ သိထားတဲ့ ပုံစံတော့ ရှိတယ်။ ဆိုလိုတာတော့ အခုကြတော့ DKBA နဲ့ BGF ကြတော့ မင်းအောင်လှိုင်ကို ထိုင်ကန်တော့ရမယ့် အနေအထားရှိတယ်ပေါ့နော်၊ ဒါက ဘာဖြစ်လို့လဲဆိုတော့ ဟိုလူကို သွားချည်းကပ်လို့ရှိရင် ဖမ်းမှာ၊ တရုတ်ကို သွားချည်းကပ်လို့ရှိရင် တရုတ်က ဖမ်းမှာ၊ ထိုင်းကို ချည်းကပ်လို့ရှိရင် ထိုင်းက ဖမ်းမှာ၊ နောက်ဆုံး KNU ကို သွားချည်းကပ်လို့ရှိရင် အခု KNU တောင်မှ နာမည်ယူတာလား၊ ဘာလား မသိဘူး။ ဟိုတနေ့က မင်းလက်ပံမှာ ဖမ်းမိတဲ့ဟာကို သက်သေအနေနဲ့ သတင်းမီဒီယာထဲ ပြောပြလာပြီ။ သက်သေအနေနဲ့ဆိုတာက အမေရိကန်နဲ့ ပေါင်းပြီးတော့ အဲဒီကျားဖြန့်ရုံးထဲမှာ ရှိနေတဲ့ပစ္စည်းကို သူက ပြမယ်ပေါ့၊ ပြမယ်ဆိုတော့ တကယ်လိမ်တာပေါ်လို့ရှိရင်တော့ DKBA က ပိုပြီးတော့ အကျပ်ကိုင်လို့ရတာပေါ့” ဟု ပြောသည်။

    အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းကို အကြောင်းပြု၍ တရုတ်သည် စစ်အုပ်စုအပါအဝင် ၎င်းဩဇာလွမ်းမိုးသည့် တိုင်းရင်းသား လက်နက်ကိုင်များကို မီးစတဖက် ရေမှုတ်တဖက် သံတမန်ရေး ကျင့်သုံးနေသည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

    ထို့အတူ တရုတ် နှင့် အမေရိကန်တို့ အားပြိုင်မှုမှသည် စစ်အုပ်စုအပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် ၎င်းတို့အကျိုးအမြတ် အများအပြားရရှိနေသည့် ကျားဖြန့်လုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ပြန်လည်၍ ဖမ်းဆီးပြနေကြရကြောင်း နိုင်ငံရေးသမားများက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,100SubscribersSubscribe
    spot_img

    Latest posts