တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့များ တပ်စွဲရာနေရာနှစ်ခုကို ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မရမ်းချောင်းကျေးရွာနှင့် ရာဖူးကျေးရွာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်စွဲအခြေချထားသည့်နေရာကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေဖြူဒေသရှိ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနေ့ကတော့ ကျနော်တို့ နှစ်နေရာလောက် သွားတိုက်ခိုက်ခဲ့တယ်ပေါ့။ သူတို့(စစ်ကော်မရှင်) တပ်စွဲထားတဲ့ မရမ်းချောင်းမှာ တစ်နေရာနဲ့ ရာဖူးရွာပြင်မှာ တစ်နေရာပေါ့။ ထိတွေ့တိုက်ပွဲတော့ မဟုတ်ဘူး။ ပြောက်ကျားပုံစံနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ ၁၀ မိနစ်လောက်ပဲ ဖြစ်ပွားသွားတာ။ အထိအခိုက်တော့ မသိသေးဘူး။ တိုက်ခိုက်ပြီးတာနဲ့ ချက်ချင်းဆုတ်ခွာသွားကြတယ်ဆိုတော့လေ သူတို့က ဟိုရွာဝင်လိုက် ဒီရွာဝင်လိုက်၊ အင်အားဖြည့်လိုက်၊ လျှော့လိုက်နဲ့ လုပ်နေတာ။ အဓိကကတော့ သူတို့တပ်စွဲပြီး အခြေမချနိုင်အောင် ကျနော်တို့က တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု အထက်ပါ တော်လှန်ရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူဒေသအတွင်း လှုပ်ရှားနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်း-၂၇ နှင့် မွန်ပြည်သစ်ပါတီ (NMSP-AD) တပ်ဖွဲ့မှ ပါဝင်ကြောင်းလည်း သိရသည်။
ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် ရေဖြူ-ကလိန်အောင်လမ်းပိုင်း ပိတ်ဆို့ခြင်းမရှိဘဲ ပုံမှန်အတိုင်း သွားလာနေကြောင်းလည်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိန်းချုပ်ထားသည့် ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်ရှိ ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သေးသည်။
စစ်ကော်မရှင်အဖွဲ့မှ သြဂုတ်လအတွင်း အဆိုပါလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်နောက် ရာဖူး၊ ကျွဲတလင်း၊ လော့သိုင်း၊ သာယာမွန် ကျောက်ကဒင် စသည့်ကျေးရွာများအတွင်း အင်အား ၅၀ ကျော်ရှိသည့် စစ်ကြောင်းတစ်ကြောင်းဖြင့် တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်သွားလာနေကြပြီး နေအိမ်များအတွင်း တပ်စွဲနေထိုင်နေကြသည့်အတွက် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်းလည်း ရာဖူးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူတို့(စစ်ကော်မရှင်) က တစ်ခါတစ်လေ အင်အား ၅၀ ရှိတယ်၊ တစ်ခါတစ်လေ ၁၀၀ လောက် ရှိချင်ရှိမယ်။ ကျေးရွာအတွင်းက လူမရှိတဲ့အိမ်တွေမှာ လိုက်နေကြတယ်။ တစ်အိမ်ကို ၁၅ ယောက် နေနေကြတယ်။ တစ်ရွာကို တစ်ပတ်လောက် နေကြတယ်။ မနေ့ကတော့ အဲစစ်ကြောင်းကို ရာဖူးရွာမှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်။ အခုက ငြိမ်နေတယ်။ စစ်ရှောင်ရတာတွေ မရှိသေးပါဘူး။ အခုလည်း သူတို့က ရာဖူးမှာပဲရှိနေတယ်။ စိန်ခေါ်နေကြတဲ့ပုံစံမျိုးဖြစ်နေတော့၊ ပစ်ခတ်မှုတွေလည်း ထပ်ဖြစ်လာနိုင်တယ် " ဟု အထက်ပါ အမျိုးသားက ပြောသည်။
ကျေးရွာများအတွင်း ဝင်ထွက်သွားလာနေသည့် စစ်ကော်မရှင်တပ်ဖွဲ့များသည် လမ်းပိုင်းအတွင်း သွားလာနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်းက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျေးရွာ ၆ ရွာထက်မနည်းမှ ဒေသခံပြည်သူများသည် လက်ရှိတွင် နေရပ်သို့ ပြန်လည်နေထိုင်ကြသော်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း လှုပ်ရှားသွားလာနေသည့်အတွက် လုံခြုံမှုမရှိဘဲ သတိကြီးစွာ နေထိုင်သွားလာနေကြရကြောင်း ဒေသခံများက ဆိုသည်။


