spot_img
Friday, November 14, 2025
More
    spot_img
    Homeသတင်းမွန်ပြည်သူများလိုအပ်နေသည့် လူသားချင်းစာနာမှုအကူညီများကို MSFC နှင့်MSCC အဖွဲ့တို့ပူးပေါင်းပြီး အရှိန်မြင့်တင်ကူညီဆောင်ရွက်မည်

    မွန်ပြည်သူများလိုအပ်နေသည့် လူသားချင်းစာနာမှုအကူညီများကို MSFC နှင့်MSCC အဖွဲ့တို့ပူးပေါင်းပြီး အရှိန်မြင့်တင်ကူညီဆောင်ရွက်မည်

    -

    မွန်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ထိခိုက်ခံစားနေရသော အရပ်သားပြည်သူများ အသက်လုံခြုံရေး၊ ဘေးကင်းရေးနှင့် လူသားချင်းစာနာမှုအကူညီများကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့ပူးပေါင်းပြီး အရှိန်မြင့်တင်ကူညီဆောင်ရွက်သွားမည်ဟု ပူးတွဲထုတ်ပြန်ထားသည်။

    ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ဘေးဒုက္ခများကို ရင်ဆိုင်နေရသောမွန်ပြည်သူများသည် လက်ရှိတွင် စစ်ကော်မရှင်မှ အတုအယောင်ရွေးကောက်ပွဲအတွက် ရည်ရွယ်ချက်ထားပြီး မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ၇ မြို့နယ်တွင် သေကြေပျက်စီးစေသည့် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။

    အဆိုပါ အခြေအနေများအပေါ် အရေးယူတုံ့ပြန်နိုင်ရန် ပြီးခဲ့သည့်နိုဝင်ဘာလ ၁၁ ရက်နေ့က အရေးပေါ်ညှိုနှိုင်းမှု အစည်းဝေးတစ်ရပ်ကို ကျင်းပကာ MSFC နှင့် MSCC အဖွဲ့တို့ ပူးပေါင်းကူညီရေးစနစ်များကို အားဖြည့်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    လစဉ်တိုးများလာနေသည့် စစ်ဘေးရှောင်ပြည်သူများကို အဖွဲ့တစ်ဖွဲ့ချင်းစီကူညီမှုထက် ပူပေါင်း၍ ကြိုတင်ပြင်ဆင်မှုများကို အတူတကွလုပ်ဆောင်ပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီမှတာဝန်ရှိသူ ဒေါ်ခင်ကျော့ဖြူ ကဆိုသည်။

    “ဒီလူသားချင်းစာနာထောက်ထားမှုကကျတော့ အမြဲတမ်းလိုအပ်တာပေါ့နော်။ လတိုင်းလတိုင်းမှာ ကျွန်မတို့တွေ လိုအပ်တဲ့ ကူညီမှုတွေကာကွယ်မှုတွေကို ပေးအပ်သွားတာရှိတယ်။ အဲ့တာကြောင့် အခုကတည်းကနေ ဖြစ်လာတဲ့ဖြစ်စဉ်တွေအတွက် ကြိုတင်စီစဉ်မှုတွေကို ပူးပေါင်းဆောင်ရွက်သွားမှာပေါ့နော် အရင်ကတည်းကလည်း အဖွဲ့ကိုယ်စီနဲ့နိုင်ရာနိုင်ရာလုပ်နေထာထက်စာရင် အဖွဲ့ပေါင်းပြီးတော့လုပ်ရင် ပြည်သူတွေအတွက်လည်းထိရောက်မယ်ဆိုပြီတော့ အခုလိုမျိုးပူးပေါင်းလိုက်တာပါ။” ဟု  သူမက ဆိုသည်။

    စစ်ရှောင်ပြည်သူများ၏ အချက်လက်များကို တိကျစွာမှတ်တမ်းကောက်ယူသွားမည်ဖြစ်ပြီး ယာယီနေထိုင်ခင်းများ၊ ကျန်းမာရေးအထောက်ပံ့များ စစ်ရှောင်ကာလအတွင်း ဘေးကင်းလုံခြုံရေးကိစ္စများကို တောင်လှန်ရေးအင်အားစုများမှထိန်းချုပ်ထားသည့်နယ်မြေမှတစ်ဆင့် ဒေသခံအဖွဲ့များ၊ ရပ်ရွာကွန်ရက်များနှင့်ပူးပေါင်း၍ ကူညီရေးယန္တယားများကို အကောင်ထည်ဖော်သွားမည်ဟု ဆက်လက်ပြောထားသည်။  

    လူသားချင်းစာနာရေးအကူညီများအား အမှန်တကယ်ထိခိုက်ခံစားနေရသူထံ ရောက်ရှိနိုင်ရေးအတွက် လူသားဆန်မှု၊ ကြားနေမှု၊ ဘက်မလိုက်မှု တာဝန်ခံမှု ဒေသခံဦးဆောင်မှု စသည့်အခြေခံမူအပေါ်တွင် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

    အထူးသဖြင့် တောလှန်ရေးတပ်ဖွဲ့များစိုးမိုးထားသောနယ်မြေတွင် စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးခြင်းများဆက်တိုက်ပြုလုပ်လာသည့်အတွက် ပြည်သူများ၏ လူသားချင်းစာနာမှု အကူညီကိုများ အရေးပေါ်လိုအပ်လာနိုင်ကြောင်း မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူက ဆက်လက်ပြောထားသည်။

     “တစ်ချို့ရက်တွေဆိုရင် ရက်ဆက်တိုက်ကို စရင်းတွေက ရက်ဆက်တိုက်ကိုတက်လာနေတယ်။ ဘီလင်းမှ စစ်တပ်ကရွာထဲကိုလက်နက်ကြီးပစ်လိုက်လို့ရွာလုံးကျွတ်ရှောင်နေရပြီး၊ ကလေးတွေကျောင်းသွားရင်းနဲ့ မိုင်းနင်းခံမိတာတို့။စာရင်းတွေ ဓာတ်ပုံမှတ်တမ်းတွေက တောက်လျှောက်ကိုတက်လာနေတယ်။” ဟုဆိုသည်။

    လူသားချင်းစာနာအကူအညီများကို လျှင်မြန်ထိရောက်စွာ ပို့ဆောင်နိုင်ရန် ပြည်တွင်း၊ ပြည်ပ (အထူးသဖြင့် အာဆီယံဒေသအတွင်း) လူသားချင်းစာနာ ကူညီရေးအဖွဲ့များ၊ ရပ်ရွာအခြေပြုအဖွဲ့များနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပူးပေါင်းပါဝင်မှုကို ဖိတ်ခေါ်ကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသေးသည်။

    မြန်မာပြည်တောင်ပိုင်းဒေသများတွင် ပြီးခဲ့သည့် ၃ လတာအတွင်း စစ်ဘေးရှောင်ဦးရေတိုးလာနေပြီး စားနပ်ရိက္ခာ၊ ရေသန့်နှင့် ဆေးဝါးလိုအပ်ချက်များ ပိုမိုများလာသော်လည်း အဖွဲ့အစည်းများအနေဖြင့် အလှူရှင်ရရှိမှုနည်းလာခြင်းကြောင့် လုံလောက်စွာ ဖြည့်ဆည်းပေးရန် ခက်ခဲလာနေကြောင်း မြေပြင်ကူညီပေးနေသူများက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,900SubscribersSubscribe
    spot_img

    Latest posts