Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်လူငယ်များနေ့အခမ်းအနားကို လူငယ်များ စိတ်ဝင်စားမှုနည်း

    မွန်လူငယ်များနေ့အခမ်းအနားကို လူငယ်များ စိတ်ဝင်စားမှုနည်း

    -

    မွန်လူငယ်များနေ့အခမ်းအနားကို အာဏာသိမ်းပြီးနောက် မြို့နယ်အလိုက်မကျင်းပနိုင်တော့သည့်အပြင် ပြည်တွင်းမွန်လူငယ်များ အရေအတွက်နည်းလာခြင်းကြောင့်  မွန်လူငယ်များ စိတ်ဝင်စားမှုအားနည်းပြီး ပါဝင်တက်ရောက်သူလည်း တစ်နှစ်ထက်တစ်နှစ်  လျော့နည်းလာနေကြောင်း  သိရသည်။

    မွန်လူငယ်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သော မွန်လူငယ်များနေ့အခမ်းအနားကို နှစ်စဉ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပလေ့ရှိသည်။

    လူငယ်များ၏ စွမ်းဆောင်မှုစွမ်းရည်ကို မြှင့်တင်ရန်နှင့် လူငယ်အချင်းချင်း ချိတ်ဆက်မှုပိုမိုအားကောင်းလာစေရန် ရည်ရွယ်ပြီး မွန်လူငယ်များနေ့အခမ်းအနားကို မြို့နယ်အလိုက် အလှည့်ကျကျင်းပလာခဲ့ပြီး လူငယ်သောင်းနှင့်ချီ တက်ရောက်ကြသည့် အခမ်းအနားတစ်ခု ဖြစ်သည်။

    သို့သော် စစ်အာဏာသိမ်းပြီးသည့်နောက် ဖြစ်ပေါ်လာသော နယ်မြေမလုံခြုံမှုများကြောင့် မြို့နယ်အလိုက် အလှည့်ကျကျင်းပနိုင်ခြင်းမရှိတော့ဘဲ မော်လမြိုင်မြို့က ရာမညဟိုတယ်၌ လူငယ်အနည်းငယ်သာ စုစည်းပြီး အကျဉ်းချုံးဖြင့် ဆက်တိုက်ကျင်းပလာရသည့် အနေအထား ဖြစ်လာခဲ့သည်။

    ထိုအခြေအနေကြောင့် မွန်လူငယ်များနေ့အခမ်းအနားကို မွန်လူငယ်များ စိတ်ဝင်စားမှု အားနည်းလာနေကြောင်း မော်လမြိုင်မြို့မှ မွန်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။

    “အရင်တုန်းက ကျနော်တို့လုပ်နေတဲ့ မွန်လူငယ်များနေ့ အခမ်းအနားမှာတော့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ မြို့နယ်အသီးသီးက လူငယ်တွေကို စုစည်းပြီး စည်ကားသိုက်မြိုက်စွာ လုပ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ အခုက နိုင်ငံရေးနဲ့ပတ်သတ်တဲ့ လှုပ်ရှားမှုတွေအကုန်လုံးကို ပိတ်ပင်ခံလာရတယ်။ လူငယ်တွေလည်း တကွဲတပြားဖြစ်လာတယ်။ စစ်အာဏာရှင်စနစ်အကြားက မွန်လူငယ်များနေ့အခမ်းအနားကို ကျင်းပပြုလုပ်ဖို့ကလည်း လူငယ်တွေက စိတ်ဝင်စားမှု သိပ်မရှိကြတော့ဘူး” ဟု ပြောသည်။

    ထိုအပြင် နိုင်ငံရေးရပ်တည်ချက်၊ ခံယူချက် မတူညီမှုကြောင့် မွန်လူငယ်အချင်းချင်းကြား အမြင်ကွဲလွဲမှုများ၊ နယ်မြေမလုံခြုံမှုကြောင့် သွားလာရေးအဆင်မပြေမှုများ ကြုံတွေ့လာကြရသည့်အတွက် မွန်လူငယ်များနေ့အခမ်းအနားသို့ တက်ရောက်သူလူငယ်များမရှိတော့ဟု မွန်အရပ်ဘက်အဖွဲ့အစည်းအသိုင်းအဝိုင်းက မွန်လူငယ်တစ်ဦးက ပြောသည်။

    “နိုင်ငံရေးရပ်တည်ချက်မတူညီတဲ့အတွက် ကျနော်တို့လူငယ်အချင်းချင်းအကြားမှာလည်း အမြင်ကွဲလွဲလာတာရယ်၊ သွားရေးလာရေးကလည်း ကြောက်စိတ်နဲ့ သွားလာနေကြရတာရတာပေါ့နော်။ ပေါ်တာဆွဲသွားမှာကို စိတ်ပူလို့ မိဘတွေကလည်း သူတို့ရဲ့ သားသမီးတွေကို အိမ်ကနေမလွတ်ချင်တော့ဘူး။ ပြီးတော့ တချို့နယ်က လူငယ်တွေကလည်း ခရီးသွားရင် ထောက်ခံစာတွေ၊ ဘာတွေလည်း ယူရမယ်ဆိုတော့လေ။ အဆင်မပြေတော့ဘူး” ဟု  ဆိုသည်။

    စစ်အာဏာရှင်လက်အောက်တွင် မွန်လူငယ်များနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရန် မလွယ်ကူတော့သလို အခမ်းအနားကို အစဉ်အလာမပျက် ကျင်းပနိုင်ရန်မျှသာ လူငယ်အနည်းစုက ထိန်းသိမ်းကျင်းပနေခြင်းဖြစ်သည်ဟု မွန်လူငယ်များက ပြောသည်။

    မုဒုံမြို့နယ်က မွန်လူငယ်ခေါင်းဆောင်တစ်ဦးက “အခမ်းအနားက အရင်ကလိုမျိုးတော့ ဖြစ်လာမှာ မဟုတ်တော့ဘူး။ ပွဲစီစဉ်သူတွေကလည်း အခမ်းအနားမပျက်အောင်ပဲ လုပ်ဆောင်နေကြတဲ့အနေအထား တွေ့ရတယ်။ အရင်ကလို စည်စည်ကားကား မလုပ်နိုင်ကြတော့ဘူး။ မြို့ပေါ်မှာရှိတဲ့ လူငယ်နည်းနည်းနဲ့ပဲ ကျင်းပနေရတာ။ လုပ်ဖို့ကလည်း အရင်ကလို မလွယ်ကူတော့ဘူး။ ကျင်းပဖို့လည်း မသင့်တော်တော့ဘူးလို့ မြင်ပါတယ်” ဟု ဆိုသည်။

    ထိုသို့အစဉ်အလာမပြတ်ရန်သာ ကျင်းပနေခြင်းကြောင့် ဘင်ခရာစစ်ကြောင်း၊ ဖျော်ဖြေရေး၊ စာပေပြိုင်ပွဲများလည်း ထည့်သွင်းကျင်းပနိုင်ခြင်း မရှိတော့ပေ။

    ပြီးခဲ့သည့် ၁၉၄၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် မွန်လူငယ်များ အစည်းအဝေးကိုအစွဲပြုပြီး မွန်လူငယ်များနေ့အဖြစ်သတ်မှတ်ရန် ၂၀၁၂ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖလှယ်ပွဲတွင် ဆုံးဖြတ်ခဲ့သည်ဟု သတင်းမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks