မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံး၌ ကပ်ထားသည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းစာရွက်များကို ဆုတ်ဖြဲသူ ချောင်းဆုံဒေသခံတစ်ဦး ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားမှုဥပဒေဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
ကွမ်ရိုက်ဒေသခံတစ်ဦး၏ ပြောပြချက်အရ ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က အသက် ၆၅ နှစ်အရွယ်ရှိသည့် ဦးကျော်မြင့်ဆိုသူသည် အရက်သေစာသောက်စားထားခြင်းကြောင့် အုပ်ချုပ်ရေးမှုးရုံးရှိကပ်ထားသည့် စာရင်းစာရွက်များကိုဆုတ်ဖြဲခဲ့ပြီးနောက် ထိုနေ့တွင်ပင် စစ်ကော်မရှင်အဖွဲ့မှ နေအိမ်အထိ လာရောက်ဖမ်းဆီခဲ့ကြောင်း သိရသည်။
ချောင်းဆုံရဲစခန်းမှ ဦးကျော်မြင့်ဆိုသူသည် ကိုယ်စားလှယ်လောင်းအမည်စာရင်းစာရွက်များကို ဆုတ်ဖြဲထားခြင်းမှန်ကန်ကြောင်း ကွမ်ရိုက်အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှုများကို ခေါ်ယူတွေ့ဆုံ၍ လက်မှတ်ထိုးစေခဲ့ပြီး စစ်ကော်မရှင်၏ ရွေးကောက်ပွဲဥပဒေအရ ထောင်ဒဏ်ချမှတ်ခံရနိုင်ကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ အမိန့်တွေကမချမှတ်ရသေးဘူး။ စစ်ဆေးရေးအဖွဲ့တွေက စစ်ဆေးနေတုန်းပါပဲ၊ လွတ်တော်ကိုယ်စားလှယ်တွေရဲ့အမည်စာရင်းစာရွက် ဖြဲလိုက်ကြောင်းကိုတော့ အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှုးတွေက လက်မှတ်ထိုးထားရတယ်။ ရွေးကောက်ပွဲဥပဒေနဲ့ကြည့်ရင် သူထောင်ကျနိုင်တယ်။ ကပ်ထားတဲ့စာရွက်တွေကို ဖြဲတာတောင်မပြောနဲ့ မှင်နဲ့တောင် မရေးခြစ်ဖို့ကို အတန်တန်သတိပေးထားတယ်။ ” ဟု ပြောသည်။
လက်ရှိတွင် ဦးကျော်မြင့်ကို ချောင်းဆုံမြို့မရဲစခန်း၌ (ပ) ၁၂၆/၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေက်ရွေးကောက်ပွဲအား နှောက်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေး ဥပဒေ ပုဒ်မ ၂၆(က)/ ၂၄ (က) အရ အမှုဖွင့်အရေးယူခံထားရကြောင်း သိရသည်။
စစ်ကော်မရှင်၏ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၄(က)အရ ထောင်ဒဏ်အဖြစ် အနည်းဆုံး (၃) နှစ်မှ အများဆုံး(၇) နှစ်အထိကျခံနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း ဖော်ပြထားသည်။
ကွမ်းရိုက်ကျေးရွာနေ ဦးကျော်မြင့်သည် မည်သည့်လက်နက်ကိုင်အဖွဲ့စည်းနှင့် ပါဝင်ပတ်သတ်ခြင်းမရှိသည့် လက်လုပ်လက်စား ဒေသခံတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
စစ်ကော်မရှင်ကျင်းပသည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဝေဖန်သုံးသပ်သူများကို မြေပြင်နှင့်အွန်လိုင်းပေါ်မှာမကျန်စောင့်ကြည့်လေ့လာနေပြီး ပြဌာန်းထားသည့် ရွေးကောက်ပွဲဥပဒေကြောင့် ပြည်သူ၁၀၀နီးပါး ဖမ်းဆီးခံထားရပြီးဖြစ်ကြောင်းသိရသည်။



