Thursday, March 12, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူတွင် ဒေသခံများမကြာခဏပျောက်ဆုံးနေပြီး၊ တိုင်ကြားမှုလုပ်ဆောင်သော်လည်း သတင်းအစအနမရရှိ

    ဘုရားသုံးဆူတွင် ဒေသခံများမကြာခဏပျောက်ဆုံးနေပြီး၊ တိုင်ကြားမှုလုပ်ဆောင်သော်လည်း သတင်းအစအနမရရှိ

    -

    ထိုင်း-မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် အနီးအနားရှိကျေးရွာများမှဒေသခံများ မကြာခဏပျောက်ဆုံးနေပြီး တိုင်ကြားမှုလုပ်ဆောင်သော်လည်း သတင်းအစအန ပြန်မရရှိတော့ဟုဒေသခံများ ပြောသည်။

    ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေပိုင်တွင်လည်း ဘုရားသုံးဆူမှ ကျော့ပလုကျေးရွာဘက်သို့ ခရီးသည်လိုက်လံပို့ဆောင်သည့် တက္ကစီယာဉ်မောင်းအမျိုးသားတစ်ဦး အဆက်သွယ်မရရှိဘဲ ပျောက်ဆုံးနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

    ယခုနှစ်အတွင်း ဘုရားသုံးဆူဒေသခံ တက္ကစီယာဉ်မောင်းများ ဆိုင်ကယ်နှင့်တကွ ၃ ဦးထက်မနည်း ပျောက်ဆုံးနေပြီး၊ ပျောက်ဆုံးသူများ၏ မိသားစုဝင်များမှ သက်ဆိုင်ရာ ဘုရားသုံးဆူမြို့ လက်နက်ကိုင်အဖွဲ့များထံ တိုင်ကြားမှုလုပ်ဆောင်သော်လည်း တစ်စုံတစ်ရာဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု မြို့ခံတစ်ဦးက ပြောသည်။

    ပုံ- ဘုရားသုံးဆူမြို့လမ်းမတန်း

    “ မနေ့ကလူတစ်ယောက်ပျောက်သွားတယ် အခုထိမရောက်သေးဘူး ဆိုင်ကယ်မောင်းတဲ့ လူတွေပျောက်တာက ခဏခဏပဲ ဆိုင်ကယ်လုလိုက်တာမျိုးတွေပေါ့၊ ပြန်မရောက်ပဲ အဲ့အတိုင်းပြီးသွားတာများတယ်၊ ကရင်တွေပဲတိုင်တယ်၊ တိုင်လည်း မထူးဘူး ၁၀ လပိုင်းတုန်းကလည်းလူပျောက်တယ်၊ အခုထိမတွေ့သေးဘူး ”ဟု ပြောသည်။

    အလားတူ ပြီးခဲ့သည့် ဇွန်လတွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို လည်ပင်းလှီး၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ပြီး အသက်မသေဆုံးဘဲ ပြန်တွေ့ခဲ့ကြောင်းလည်း ၎င်းကဆက်ပြောသည်။

    ဘုရားသုံးဆူဒေသတွင် လက်နက်ကိုင်အဖွဲ့တို့၏ လုံခြုံရေးဆိုင်ရာတာဝန်ယူမှုအားနည်းပြီး၊ ဥပဒေအရ အရေးယူဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ခိုးဆိုးလုယက်မှုနှင့် ရာဇဝတ်မှုများကိုပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည့်အတွက်အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့် အခြေအနေဖြစ်နေသည်။

    ထို့ပြင် ဘုရားသုံးဆူမြို့တွင် မူးယစ်ဆေးဝါးများပေါ်ပေါ်တင်တင်ရောင်းချနေသည့်အပြင် ကာစီနိုလောင်းကစားဝိုင်းများလည်း တွင်ကျယ်စွာဖွင့်လှစ်ခွင့်ရှိသောကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက် ဖြစ်လာဟု ဘုရားသုံးဆူမြို့ခံကပြောသည်။

    “DKBA တို့အုပ်ချုပ်ပြီးတဲ့နောက်ပိုင်း လုယက်တာလည်းတိုးလာတယ် လောင်းကစားလုပ်တဲ့ သူတွေများ တယ်၊ မူးယစ်ဆေးဝါးသုံးပြီးအဲ့လိုလုပ်နေတော့ ရတဲ့နည်းနဲ့ ခိုးလုယက်လာတာပေါ့ သွားတိုင်ကြပါတယ်၊ ဘာမှမလုပ်နိုင်ပါဘူး အခုပျောက်တာကလူကြီးပိုင်းတွေပဲများတယ်၊ ကလေးတွေဆိုရပ်ကွက်ထဲမှာပဲ ပျောက်ကြတယ် သတင်းကရပ်ကွက်အတွင်းပဲပေါ်တယ်”ဟု ပြောသည်။

    ထို့ပြင် ဘုရားသုံးဆူမြို့တွင် ယခုနှစ်အတွင်း ရပ်ကွက်အတွင်း၌ပင် ကလေး ၁၀ ဦးခန့်ပျောက်ဆုံးခဲ့သော်လည်း သတင်းပျံ့နှံ့သွားခြင်းမရှိကြောင်း၊ ပျောက်ဆုံးသွားသည့်ကလေးအချို့ ပြန်လည်ရောက်ရှိလာသော်လည်း ဖြစ်စဉ်တစ်စုံတစ်ရာ ပြန်လည်ပြေပြနိုင်ခြင်း မရှိတော့ဟုလည်း ဆိုသည်။

    အဆိုပါ ခိုးဆိုးလုယက်သူများသည် အုပ်စုလိုက်၊ အဖွဲ့လိုက်ရှိနေပြီး ဘုရားသုံးဆူမြို့အတွင်းရှိ ဒေသတွင်း လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိနေကြောင်း မြို့ခံများပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks