spot_img
Wednesday, November 12, 2025
More
    spot_img
    Homeမေးမြန်းချက်"ရွေးကောက်ပွဲအကြိုကာလမှာ စစ်ကော်မရှင်က သူ့တို့ကိုမဆန့်ကျင်ရဲအောင် လုပ်ထားမယ်။ ရွေးကောက်ပွဲကိုလည်း မဖြစ်ဖြစ်အောင် သူတို့လုပ်မှာလေ၊ ဒီအပေါ်မှာလည်း သူ့တို့ရွေးကောက်ပွဲအဖြေကို လူတိုင်းသိထားပြီးသားပဲ။ ဒီကြားမှာ ပြည်သူတွေကို...

    "ရွေးကောက်ပွဲအကြိုကာလမှာ စစ်ကော်မရှင်က သူ့တို့ကိုမဆန့်ကျင်ရဲအောင် လုပ်ထားမယ်။ ရွေးကောက်ပွဲကိုလည်း မဖြစ်ဖြစ်အောင် သူတို့လုပ်မှာလေ၊ ဒီအပေါ်မှာလည်း သူ့တို့ရွေးကောက်ပွဲအဖြေကို လူတိုင်းသိထားပြီးသားပဲ။ ဒီကြားမှာ ပြည်သူတွေကို ကြောက်လန့်နေအောင် သူတို့ဆက်လုပ်မှာ နေလှန်းခိုင်းမယ်။ ရိုက်မယ်။ ပစ္စည်းတွေလုမယ်။ ဖမ်းဆီးမယ်"မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) ဒါရိုက်တာနိုင်အဲမွန်

    -

    အာဏာသိမ်း စစ်ကော်မရှင်အဖွဲ့မှ ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲကို ပြည်သူများမဆန့်ကျင်နိုင်ရန် ဖမ်းဆီးအရေးယူမှုများ တင်းတင်းကြပ်ကြပ်လုပ်ဆောင်နေပြီး ပြည်သူလူထုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပိုမိုလုပ်ဆောင်လာနေကြောင်း မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း(HURFOM)မှ ပြောပြချက်ရ သိရသည်။

    မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားသောဒေသများတွင်လည်း ပြည်သူများအား အဓမ္မဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်း၊ အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ အကြောင်းမဲ့ အပြစ်ဒဏ်ပေးခြင်း စသည်တို့ကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မြန်မာပြည်တောင်ပိုင်းဒေသ မွန်၊ကရင်နှင့် တနင်္သာရီတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၅၀ နီးပါး၊ ဒဏ်ရာရသူ ၁၀၀ နီးပါးနှင့် သတ်ဖြတ်ခံထားရသူ ၅၀ နီးပါးအထိရှိပြီး ကျူးလွန်ခံရမှု ပိုမိုများနေကြောင်းလည်း မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ အချက်အလက်အရ သိရသည်။

    စစ်ကော်မရှင်အဖွဲ့မှ မြန်မာပြည်တောင်ပိုင်းဒေသသို့ ရွေးကောက်ပွဲကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ဆိုးဆိုးရွားရွားလုပ်ဆောင်လာသည့် အခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ( HURFOM ) ဒါရိုက်တာနိုင်အဲမွန်နှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး။  ။ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်မှာ ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရနေရတဲ့ အခြေအနေ ဘယ်လိုရှိလဲရှင့်။

    ဖြေ။  ။ သူတို့ (စစ်ကော်မရှင်)ရဲ့ ဖိနှိပ်မှုအကျင့်တွေများလာတာက တွေ့နေရတာပဲ။ သူ့ရဲ့ဖိနှိပ်မှုတွေက မူဝါဒတစ်ခုအနေနဲ့ ရှိတာကရှိတယ်။ ဒါမဲ့ ခုကြည့်ရသလောက်တော့ သူ့ရဲ့စစ်မူဝါဒကို ပိုပြီးထည့်လာတယ်။ ပြည်သူတွေ ကြောက်လန့်အောင်၊ ဒီရွေးကောက်ပွဲအကြိုကာလမှာ သူ့ကိုမဆန့်ကျင်ရဲအောင် လုပ်ထားမယ်။ ရွေးကောက်ပွဲကိုလည်း မဖြစ်ဖြစ်အောင် သူတို့လုပ်မှာလေ၊ ဒီအပေါ်မှာလည်း သူ့တို့ရဲ့ရွေးကောက်ပွဲအဖြေကိုလည်း လူတိုင်းသိထားပြီးသားပဲ။ ဒီကြားမှာ ပြည်သူတွေကို ကြောက်လန့်နေအောင် သူတို့ဆက်လုပ်မှာ နေလှန်းခိုင်းမယ်။ ရိုက်မယ်။ ပစ္စည်းတွေလုမယ်။ ဖမ်းဆီးမယ်။ ဒါတွေက သူ့ကို မဆန့်ကျင်ရဲအောင်လုပ်တာပဲ။ လူငယ်မှမဟုတ်ဘူး။ လူကြီးတွေလည်း လုပ်ခိုင်းတာပဲ။ အောက်တိုဘာလတစ်လအတွင်းမှာပဲ ကျနော်တို့စာရင်းမှာ ၂၄၆ ယောက် ဖမ်းဆီးခံရတယ်။ လူငယ်က ၁၃၅ ယောက်၊ ၈၅ ယောက်က အမျိုးသမီး။ အမျိုးသမီးဆို ပိုက်ဆံပေးပြီး ပြန်လွတ်တယ်။ လူငယ်တွေကတော့ သတင်းအစအနပျောက်နေတယ်။ စစ်မှုထမ်းထဲမှာ ပါသွားတာလည်း ဖြစ်နိုင်တယ်။

    မေး။  ။ မဲရုံထောင်တဲ့နေရာမှာရော၊ မဲဆန္ဒနယ်အဖြစ် သတ်မှတ်ထားတဲ့ဒေသမှာရော ပြည်သူတွေ ဘာတွေရင်ဆိုင်နေရတာရှိလဲ။

    ဖြေ။   ။ ဖမ်းဆီးတာတစ်ခုတည်းမဟုတ်ဘူး။ လက်နက်အသုံးပြုမှုတွေလည်း များလာတယ်။ ရေးတောင်ပိုင်း၊ ရေးအရှေ့ပိုင်း၊ တနင်္သာရီ ဒီနေရာတွေမှာ တော်တော်များလာတယ်။ မဲရုံး ထောင်တဲ့နေရာတွေများလာအောင် သူတို့လုပ်မှာ၊ အကုန်လုံးကသူ့တို့လက်ထဲမှာပဲ။ နိုင်ငံတကာတွေ အကုန်လုံးပါဝင်စေချင်တာ။ သူတို့ကပါစေချင်တော့ သူတို့ဆုံးရှုံးထားတဲ့ နေရာတွေကို ပြန်ရအောင်ယူမှာ တနင်္သာရီမှာဆို လောင်းလုံး၊ ရေဖြူ၊ ပြီးတော့ ထားဝယ်၊ ရေး၊ ကျိုက်မရော ဒါတွေရရင် သူတို့က မဲဆန္ဒနယ်မြေအများကြီးရထားတယ်ဆိုတာ နိုင်ငံတကာကိုပြချင်တာ။ အဲ့ဒီမဲဆန္ဒနယ်မြေမှာ မဲရုံထောင်ထားနိုင်တယ်ဆိုတာ အဲ့လိုပြသချင်တာ။ သူတို့ရဲ့မဟာဗျူဟာတွေက အကုန်လုံးအစီအစဉ်တကျကြီးပဲ။ ဒီ၂၀၂၅ အောက်တိုဘာ၊ နိုဝင်ဘာမှာဆို ပြင်းပြင်းထန်ထန် ဖြစ်လာမှာလို့ မြင်ပါတယ်။

    မေး။  ။ ရှေ့ဆက်ပြီး ပြင်းပြင်းထန်ထန်ဖြစ်လာမယ်ဆိုတာကလေ ဘယ်အခြေအနေထိ ပြင်းထန်လာနိုင်မလဲ။ ဆရာ့အမြင်လေး ပြောပြပေးပါဦး။

    ဖြေ။  ။ ပြင်းထန်လာမယ်ဆိုတာက အရင်လိုနိုင်ငံရေးနဲ့ကစားမှာမဟုတ်တော့ဘူး။ လက်တွေ့ကျကျ လူ့အခွင့်အရေးချိုးဖောက်နေတာ ပြည်သူတွေအထိနာလာမယ်။ အလုပ်လုပ်ကြဖို့ မလွယ်တော့ဘူး။ ရောဘာခြံတွေလည်း ဒိုင်ဆီသွင်းလို့မရတော့ဘူး။ ပစ္စည်းတွေအများကြီးသွင်းရင် အခွန်တွေ ပေးဆောင်ရမယ်။ စားဖို့နေဖို့ကအစ အကုန်လုံးခက်အောင် သူတို့ကဖန်တီးနေတာ။ သွားလာရေးဆိုလည်း အရင်လိုလွတ်လွတ်လပ်လပ်သွားလာလို့မရတော့ဘူး။ ဒီရွေးကောက်ပွဲအကြိုကာလထဲ သူတို့ဆက်လုပ်နေမှာပဲ။ တိုင်းရင်းသားမကဘူး။ သူတို့ရဲ့ဗမာလူမျိုးတွေလည်း သူတို့ဖိနှိပ်နေတာ မနည်းဘူး။ အရင်လိုငြိမ်ငြိမ်းချမ်းချမ်းနဲ့ သွားမှာမဟုတ်တော့ဘူး။ ဥပဒေတွေကိုပယ်ဖျက် ချိုးဖောက်ပြီးတော့ကို သူတို့ဆက်သွားမှာ။ အဲ့ကြောင့် ပြင်းထန်လာမှာကိုပြောတာ။ အသက်တွေလည်း အများကြီးဆုံးရှုံးရတယ်။ ဒီအောက်တိုဘာလအတွင်းမှာ မွန်၊ကရင်၊ တနင်္သာရီဒေသမှာ အယောက် ၄၀ လောက်ဆုံးသွားတယ်။ သူတို့ဖမ်းပြီးပျောက်သွားတာ၊ သတင်းမရတော့တာတွေကလည်း အများကြီးပဲ။ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလရောက်ဖို့အထိက သက်ရောက်မှုတွေက ဘယ်လောက်ရှိမလဲ မသိဘူး။ ဒါမဲ့ နေ့တိုင်းတော့ စောင့်ကြည့်နေပါတယ်။

    မေး။  ။ ပြည်သူတွေ ဒီလိုမျိုးဖိနှိပ်ခံနေရတာတွေက ရွေးကောက်ပွဲအလွန် အချိန်ကာလတွေအထိ ရောက်သွားနိုင်လား။ ဒီလိုချိုးဖောက်နေမှုတွေကို ဘယ်သူတွေ ပါဝင်ကူညီသင့်တယ်လို့ ထင်ပါသလဲ။

    ဖြေ။  ။ မြန်မာနိုင်ငံရဲ့အခြေအနေက ရွေးကောက်ပွဲအကြိုကာလလောက်ပဲ ကြည့်နေလို့ မရတော့ဘူး။ ဒီအတုအယောင်ရွေးကောက်ပွဲကနေ အာဏာယူမယ်။ အာဏာရပြီးရင် သူ့အစိုးရဖွဲ့စည်းမယ်။ ပြီးရင် အုပ်ချုပ်မယ်။ ကျနော်တို့က ရွေးကောက်ပွဲနောက်ဆက်တွဲအထိ ကြည့်ရမယ်။ တော်လှန်ရေးကိစ္စတွေလည်း အများကြီးအားနည်းလာတယ်။ ပြည်သူတွေရဲ့ထောက်ပံ့မှု၊ နိုင်ငံတကာထောက်ပံ့မှု၊ အလှူရှင်တွေရဲ့ထောက်ပံ့မှုတွေက အများကြီးလျော့လာတယ်။ ဒါတွေကြောင့် နွေဦးတော်လှန်ရေးကို အများကြီးထိခိုက်လာတယ်။ သူတို့ရဲ့ အစိုးရအသစ် အလိမ်အညာအစိုးရကလည်း  ခွဲခြားပြီးအုပ်ချုပ်တာလည်းများလာမယ်။ သူ့ဘက်ဆိုကောင်းမယ်၊ သူ့ဘက်မဟုတ်ရင် ဖိနှိပ်မယ်။ ဒါတွေများလာရင် လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေက ပိုများလာမယ်။ စစ်ရေးတွေလည်း ပိုပြင်းထန်လာမယ်။ တရုတ်၊ ရုရှားသူ့ဘက်မှာရှိနေတယ်၊ ရွေးကောက်ပွဲပြီး၊ အစိုးရအသစ်ဖွဲ့စည်းပြီးရင် ပြည်သူတွေ အထိများမယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်းတွေက အများစု တရားဝင်အစိုးရဖြစ်အောင် သူ့ကိုထောက်ခံနေကြတယ်။ ဒါကြောင့် CSO ၊ NUG ၊ လက်နက်ကိုင်အဖွဲ့တွေ အလုပ်တွေအများကြီးပိုလုပ်ရဦးမယ်လို့ ထင်တယ်။ လူ့အခွင့်အရေး ကာကွယ်ရေး၊ ပြည်သူ့တွေကို ကာကွယ်ရေး၊ လွတ်မြောက်ရေး၊ စစ်ရေးတွေက ပိုပြီးရှည်လာမယ်လို့ မြင်ပါတယ်။

    မေး။  ။ အရင်အင်တာဗျူးတွေမှာလည်း ၂၀၂၅ ခုနှစ်က လူ့အခွင့်အရေးချိုးဖောက်ခံရမှု အဆိုးဆုံးနှစ်လို့လည်း ပြောဖူးတာရှိတယ်။ အခုလည်းအဲလိုပဲ ရင်ဆိုင်နေရတဲ့အခြေအနေပေါ့လေ။ စစ်ကော်မရှင်အနေနဲ့ ဘာကြောင့် ပြည်သူတွေအပေါ်  ဒီလိုမျိုးလုပ်ဆောင်နေရတာလဲ။

    ဖြေ။  ။ သူတို့ရဲ့ နိုင်ငံရေးထွက်ပေါက်က ဒါပဲရှိတာလေ။ ဒါကြောင့် ပိုပြီးဖိနှိပ်လာတာ။ ဒီနိုင်ငံရေးထွက်ပေါက်ကပဲ နိုင်ငံတကာလူတွေ ဥပဒေရှိတဲ့သူတွေက သူ့ကိုအသိအမှတ်ပြုမယ်လို့ သူသတ်မှတ်ထားတယ်။ ပြည်သူတွေရဲ့အစိုးရကနေ အာဏာသိမ်းထားတယ်။ ရွေးကောက်ပွဲအဖြေကို စိတ်တိုင်းမကျလို့ အာဏာသိမ်းထားတာလေ၊ ရွေးကောက်ပွဲနဲ့ပဲ အဆုံးသတ်ရမယ်။ ဒီရွေးကောက်ပွဲမှာ အဆုံးမသတ်ရရင် သူတို့ဆက်နေလို့မရတော့ဘူး။ အဲ့ကြောင့်မို့ ဘယ်ခြေနေကြောင့်ပဲဖြစ်ဖြစ် ရွေးကောက်ပွဲကို လုပ်ရမယ်။ အဲ့ကြောင့် ပြည်သူတွေကို ဖိနှိပ်နေရတာ။ သူ့ရဲ့အစီအစဉ်ကိုဆန့်ကျင်တဲ့သူမှန်သမျှ သူ့ရဲ့ရန်သူလို့ပဲ သတ်မှတ်ထားတာ၊ ဆန့်ကျင်တဲ့သူကို သတ်ပစ်တဲ့အထိ ဖိနှိပ်ဥပဒေထုတ်ထားတာ၊ အွန်လိုင်းပေါ်မှာ ဟဟ ရီအက်ရှင် ပေးမိတဲ့သူတောင် ထောင်ချလိုက်တယ်။ အဲ့လောက်ထိတောင် သူတို့ လုပ်ထားတာ။ ရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်လုပ်မယ်။ အစိုးရအသစ်ဖွဲ့စည်းမယ်။ သူတို့ အောင်မြင်တဲ့အကြောင်း ထုတ်ပြန်မယ်။ ရွေးကောက်ပွဲအစကနေအဆုံးထိက အတုအယောင်တွေပဲ။ MUP တို့ PPP တို့ စတဲ့ပါတီတွေက သူတို့အတွက်အင်အားဖြည့်တာလောက်ပဲ။ အချို့က လူမျိုးကိုအကြောင်းပြပြီး ဝင်ပြိုင်တာ၊ အချို့က ပြည်သူတွေကိုအကြောင်းပြပြီး ဝင်ပြိုင်တာ၊ ဒါတွေက စကားလှအောင်ပြောတာပဲ။ သူတို့ကိုဝန်းရံပြီး သူပေးသလောက်ယူပြီး ခုံပေါ်မှာ ထိုင်မယ် ဆိုတဲ့ ရည်မှန်းချက်လောက်ပဲ။ အခုက စစ်ဗိုလ်ချူပ်တွေ ဗိုလ်မှူးချူပ်တွေက လူအဝတ်လဲပြီး ရွေးကောက်ပွဲ ဝင်ပြိုင်မယ်။ အဲ့လူတွေကပဲ အစိုးရအသစ်ဖွဲ့စည်းရာမှာ သူတို့ပဲပါမယ်။ ဖေဖော်ဝါရီ၊ မတ်လလောက်မှာ အဲ့အတိုင်းတွေ့ရမယ်။ အဲ့တာပြီးရင် မြန်မာနိုင်ငံက အမှောင်ထောင်လိုမျိုး ပြန်ရောက်သွားမယ်။ ဒါကြောင့် ဆန့်ကျင်ရေးတွေ၊ တော်လှန်ရေးတွေက ဆက်ပြီးရှည်လျား သွားမယ်လို့ ပြောချင်တယ်။ အဲ့အဆင့်ထိ ပြင်ဆင်ထားရပါမယ်။

    မေး။   ။ နောက်ဆုံးမေးခွန်းကတော့ ဒီအတုအယောင်ရွေးကောက်ပွဲက ပြည်သူတွေနဲ့ အများကြီးသက်ဆိုင်နေလား။  ဆရာ့အမြင်လေးလည်း ပြောပြပြီး အဆုံးသတ်ပေးပါအုံး။

    ဖြေ။  ။ အများကြီးသက်ဆိုင်နေတယ်။ ယုတ္တိရှိအောင် အင်အားတွေအများကြီးပြရမှာလေ၊ မဟုတ်ရင် ယုတ္တိမရှိဘူး။ ၁၀၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းလောက်က သူတို့အနိုင်ယူမယ်ဆိုတာ အသေချာပဲ။ သူတို့မဲရုံးထောင်ထားတဲ့နေရာတွေမှာ ပြည်သူတွေက မဲလာထည့်တယ် မဲလာပေးကြတယ်ဆိုတာ ပြချင်တာလေ၊ အဲ့လိုပြချင်တော့ သူတို့ဆုံးရှုံးထားတဲ့ဒေသတွေကို ပြန်ယူရမယ်၊ အဲ့ဒါကြောင့် သူတို့ရဲ့စစ်အင်အား အများကြီး အသုံးပြုလာတယ်။ လေယာဉ်အသုံးပြုမှု၊ ဒရုန်းအသုံးပြုမှုတွက နှစ်ဆသုံးဆလောက် တိုးလာတယ်။ ခြုံပြီးကြည့်ရင် တစ်နိုင်ငံလုံးကပျက်စီးနေပြီး၊ အဲ့ကြားမှာ သူတို့က ရွေးကောက်ပွဲ လုပ်မယ်၊ သူ့ရဲ့ရည်မှန်းချက်ကတော့ ပြည်သူတွေကိုအခြေခံပြီး နိုင်ငံတကာတွေ အာဆီယံနိုင်ငံတွေကို လုပ်ပြမယ်၊ ပြည်သူတွေမပါ ပါလာအောင်လည်းသူတို့ ဖန်တီးမှာ၊ အဲ့လိုဖြစ်လာအောင်လည်း သူတို့လုပ်မယ်။ နိုင်ငံတကာတို့ အာဆီယံတို့မသိတာမဟုတ်ဘူး။ သိတယ်။ ဥပဒေတွေက ဆွေးနွေးပွဲအပြင်မှာ ဖျက်ဆီးလို့မရဘူး။ ဥပဒေထဲမှာပဲ လုပ်ရမှာဆိုတော့လေ၊ NUG လည်း သူတို့ကို ရင်မဆိုင်နိုင်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သူ့ကိုရင်မဆိုင်နိုင်ဘူး။ ကြားထဲမှာလည်း တရုတ်နဲ့ဖိအားပေးခံနေရတာရှိတယ်။ ပြောချင်တာကလေ နိုင်ငံတကာတွေက အကူအညီမပေးနိုင်တော့ဘူး။ ကိုယ်လိုချင်ရင် ကိုယ့်ဘာသာကြိုးစားရမယ်ဆိုတာပဲ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,900SubscribersSubscribe
    spot_img

    Latest posts